
ဦးဝင်းတင် (၁၉၃၀-)
ဓာတ်ပုံ – လွတ်လပ်တဲ့အာရှအသံ
ဒေါ်အောင်ဆန်းစုကြည် မန္တလေး ခရီးစဉ်မှာ ပါသွားတဲ့ ဆရာဦးဝင်းတင်ရဲ့ ဓာတ်ပုံတွေကို ခုတက်လာတဲ့ သတင်းတွေမှာ သိပ်မတွေ့ရဘူး။ ခုခေတ် မန္တလေး အနေနဲ့တော့ မပြောတတ်ဘူး။ ဟိုးအရင်ကတော့ ဦးဝင်းတင်ကို မန္တလေးရဲ့ ထောက်ခံမှု၊ ချစ်ခင်မှုက တော်တော်ကြီးတယ်။ စာပေအသိုင်းအဝန်း၊ စာဖတ်သူ ပရိသတ် တင်မက လူထုမောင်နှံလို မြို့မိ၊ မြိုဖတွေနဲ့အတူ မန္တလေး လူမှုပတ်ဝန်းကျင်မှာ အရေးပါ၊ အရာရောက် ဝင်ဆန့်ပြီး လူထုချစ်ခင်မှု ရခဲ့တယ်။ ဦးဝင်းတင် နဲ့ သူရဲ့ သတင်းစာ ဟံသာဝတီ အတွက် မန္တလေးဟာ အောင်မြေဖြစ်ခဲ့တယ်။
ဦးဝင်းတင် မန္တလေးရောက်သွားပုံ၊ နောက်ခံ အကြောင်းအရာ ကို သူကိုယ်တိုင် သူ့ ဘဝဇတ်ကြောင်းပြန်ပြောတဲ့ လွတ်လပ်တဲ့အာရှအသံ “ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း” အစီအစဉ်မှာ ထည့်ပြောသွားတာလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။
စစ်တပ်က အာဏာသိမ်းပြီး (၆) နှစ် အကြာ တော်လှန်ရေးကောင်စီခေတ် ၁၉၆၈ မှာ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှုးချုပ် သောင်းဒန် (ကျနော် သိသလောက် သူက ကာကွယ်ရေးဦးစီးချုပ် (လေ) လည်း ဖြစ်တယ်) နဲ့ သတင်းစာတွေ ဌာနဆိုင်ရာ အစည်းအဝေး မဟုတ်ဘဲ (“Informally” ထမင်းလက်ဆုံ စားပွဲ ပုံစံနဲ့) တွေ့ဆုံမှုလေး ဖြစ်ခဲ့တယ်။ အမှန်တော့ ဗိုလ်နေဝင်းက သတင်းစာဆရာတွေရဲ့ လက်ရှိ အမြင်တွေသိရအောင် ဗိုလ်သောင်းဒန်ကို တွေ့ခိုင်းလိုက်တယ်လို့ ယူဆရတယ်။ အဲဒီအချိန်မှာ သတင်းစာ အများစုကို ပြည်သူပိုင်သိမ်းပြီး သွားပြီ ဆိုတော့ သူ့အောက်မှာ အစိုးရဝန်ထမ်းအနေနဲ့ လုပ်နေရတဲ့ အယ်ဒီတာချုပ်တွေ၊ အယ်ဒီတာတွေကို ဝန်ကြီးက ခေါ်တွေ့တာလည်း ဖြစ်တယ်။ သတင်းစာ အသီးသီးက အယ်ဒီတာချုပ်နဲ့ လက်ထောက် အယ်ဒီတာချုပ် တွေ တက်ရတယ်။ နောက် ပြန်ကြားရေးက အတွင်းဝန်၊ ဒါရိုက်တာ စတဲ့ ရာထူးတွေ ယူထားတဲ့ စစ်ဗိုလ်တွေလည်းပါတယ်။ ကြေးမုံကို စတင်တည်ထောင်တဲ့ ကြေးမုံဦးသောင်းလည်း ပြန်ကြားရေးဌာန အကြံပေးအရာရှိအနေနဲ့ ပါတယ်။
(စကားချပ် – ကြေးမုံဦးသောင်းရဲ့ ရာထူးကို ဗိုလ်နေဝင်းက တိုက်ရိုက် ဖန်တီးပေးပြီး ခန့်လိုက်တာ ဖြစ်တယ်။ လူကိုထောင်ချ၊ ပြီးတော့ သူပိုင် ကြေးမုံ သတင်းစာ ကိုသိမ်း၊ ပြီးတော့မှ ထောင်က လွှတ်တော့ ဗိုလ်နေဝင်းက ချော့တဲ့ အနေနဲ့ ရာထူး တခု ဖန်တီးပေးလိုက်တယ်။ အသေးစိတ်ကို အောက်မှာ ညွှန်းထားတဲ့ ဦးသောင်း ရဲ့ စာအုပ်များတွင် ရှုပါ။)
ကြေးမုံအနေနဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ ဆရာ ဇဝန နဲ့ အတူ လက်ထောက် အယ်ဒီတာချုပ် (အမှုဆောင်/တာဝန်ခံ အယ်ဒီတာ) ဦးဝင်းတင်လည်း တက်ရတယ်။ ဒီတွေ့ဆုံပွဲဟာ အမြဲ မျက်စိရှင်၊ နားပါးနေတတ်တဲ့ ဗိုလ်နေဝင်း က သတင်းစာတွေ အခြေအနေနဲ့ သတင်းစာဆရာတွေရဲ့ လက်ရှိ အမြင်ကို သိချင်လို့ပဲဆိုတာကို သတင်းရတဲ့ (ဒါမှမဟုတ် ခန့်မှန်းနိုင်တဲ့)၊ ခေတ်အဆက်ဆက် နိုင်ငံရေးသြဇာ ရှိခဲ့တဲ့၊ တော်လှန်ရေး ကောင်စီခေတ် မှာလည်း အရေးပါ အရာရောက်နေတဲ့ ဦးသိန်းဖေမြင့်က (ဗိုလ်တထောင်သတင်းစာ အယ်ဒီတာချုပ်အနေနဲ့) စပြီး ဝန်ကြီးကို သတင်းစာတွေ အခြေအနေ ဆွေးနွေးဖို့ ခွင့်တောင်းပြီး သူကစပြီး သတင်းစာလောက အခြေအနေကို မိတ်ဆက်အနေနဲ့ နည်းနည်းပြောတယ်။ ပြီးတော့ ဦးဝင်းတင် ဘက်လှည့်ပြီး အောင်မြင်နေတဲ့ ကြေးမုံကို အဓိက တာဝန်ခံလုပ်တဲ့ ပုဂ္ဂိုလ်အနေနဲ့ သတင်းစာလုပ်ငန်းအခြေအနေကို ဆက်လက်ဆွေးနွေးဖို့ ပြောတယ်။ ဦးဝင်းတင်က ဆရာကြီးတွေ (ရွှေဥဒေါင်း – လုပ်သားပြည်သူ့ နေ့စဉ်၊ ဇဝန – ကြေးမုံ၊ ဦးခင်မောင်လတ် – Working People’s Daily၊ ဦးသိန်းဖေမြင့် – ဗိုလ်တထောင် အစရှိသဖြင့်) ကို ကျော်ပြီး မပြောချင်ပေမယ့် သူ့ကို ပြောခိုင်းနေတော့ မတတ်သာဘဲ လက်ရှိ စစ်တပ်ခေတ် သတင်းစာလောကကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုခဲ့တယ်။
သတင်းလုပ်ငန်းတွေမှာ ဝန်ကြီး၊ ဝန်ကလေး၊ အတွင်းဝန်၊ ဒါရိုက်တာ၊ စစ်တပ် အစရှိသဖြင့် အဆင့်ဆင့် ဝင်ရောက် ခြယ်လှယ်ပုံ၊ သတင်းပိတ်ဆို့မှု စတာတွေကို ပြောတယ်။ အဲသလို ပြောတော့ သတင်းစာတွေနဲ့ တကယ် ဆက်ဆံပြီး အလုပ်လုပ်နေရတဲ့ ပြန်ကြားရေးက စစ်ဗိုလ် အရာရှိတွေက ခု ဦးဝင်းတင်ပြောနေတာတွေဟာ စာပေလွတ်လပ်ခွင့်ကို အခြေခံပြီး တောင်းဆိုနေတာဆိုပြီး ပုဒ်မအကြီးကြီး တပ်ပြီး ပြန်လည် ပြောဆိုတဲ့အပြင် အဲဒီ ကိစ္စကိုသူတို့ ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာပါ တခါတည်း သူ့တို့ အထက်အရာရှိဖြစ်တဲ့ ဝန်ကြီးကို မေးတယ်။ ဗိုလ်သောင်းဒန်လည်း ဘာပြောလို့ ပြောရမှန်းမသိဖြစ်နေတဲ့ အချိန်မှာ ဆရာ ဦးခင်မောင်လတ်က ဝင်ပြီးပြောတယ်။ ဦးခင်မောင်လတ်နဲ့ သူ့ဇနီး ဒေါ်ခင်မြ (ဒေါ်ခင်မျိုးချစ်) က ဗိုလ်နေဝင်းနဲ့ ပုဂ္ဂိုလ်ရေး ရင်းနီးကျွမ်းဝင်လို့ တော်လှန်ရေးကောင်စီခေတ် သတင်းစာလုပ်ငန်းမှာ ဝင်လုပ်ပေးနေတာ ဖြစ်တယ်။
ဦးခင်မောင်လတ်က ပညာတတ်၊ လူကြီးပီပီ အမြဲတမ်း တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး ပြောတတ်ပေမယ့် အဲဒီအချိန်မှာတော့ စိတ်ထဲ အချဉ် ပေါက်နေတာ ကြာပြီဖြစ်တဲ့ ခံစားမှုနဲ့ ဦးဝင်းတင်ဘက်ကနေ ထောက်ခံပြီး စစ်ဗိုလ်တွေကို ပြင်းပြင်းထန်ထန် ပြန်ပြောတယ်။
“ဟုတ်တယ်..။ ကိုဝင်းတင်ပြောတာ မှန်တယ်။ အတွင်းဝန်တွေ၊ ဒါရိုက်တာတွေ၊ စစ်ဗိုလ်တွေက နည်းအမျိုးမျိုးနဲ့ သတင်းစာတွေကို ဖိနှိပ်နေတယ်။ အဲ့သလို လုပ်ရအောင် ခင်ဗျားတို့ စစ်ဗိုလ်အရာရှိတွေက ဘာကောင်တွေလဲ..။ ဝန်ကြီးက ခိုင်းလို့သတင်းတွေ ပိတ်ရတယ်. ပြောတယ်။ ဝန်ကြီးဆိုတာကော ဘာကောင်လဲ..။ တော်လှန်ရေးကောင်စီဝင်ရဲ့ အမိန့်ကြောင့်ပါလို့. ပြောတယ်။ အဲ့.. တော်လှန်ရေးကောင်စီဝင် ဆိုတာကကော ဘာကောင်လဲ..။ သတင်းစာလုပ်ငန်းကို ဘာသိလဲ…။”
အစရှိသဖြင့် တော်လှန်ရေးကောင်စီဝင်၊ ဝန်ကြီး၊ စစ်ဗိုလ်ချုပ် သုံးမျိုးစလုံးဖြစ်တဲ့ ဗိုလ်သောင်းဒန် တယောက်လုံးကို ရှေ့မှာ ငုတ်တုတ်ထားပြီး ပြင်းပြင်းထန်ထန်နဲ့ ဝင်ပြောတယ်။
ဗိုလ်သောင်းဒန်ကလည်း လူကြီးတွေအားလုံးရှေ့မှာဆိုတော့ စစ်တပ်ထုံးစံနဲ့ ရုပ်ပျက်အောင် ပြန်ပြောလို့ မရမှန်းသိတော့ (သူကိုယ်တိုင်လည်း လူကြီးလူကောင်း အနေနဲ့ ဖြစ်အောင် ကြိုးစားပြီး) “ကဲ.. ဒါတွေ ထားလိုက်ပါတော့.. ခု မိတ်ဖြစ် ဆွေဖြစ် တွေ့ကြတာ၊ ထမင်းပဲ ဆက်စားကြရအောင်ပါ..” လို့ ပြောပြီး အဲဒီ ဆွေးနွေးပွဲကို အမြန် နိဂုံးချုပ်လိုက်တယ်။
အဲဒီ အဖြစ်အပျက် ပြီးတော့ ဗိုလ်နေဝင်းက ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်ကို သူ့အိမ်တော်ကို ဖိတ်ပြီး “ကဲ.. ကိုလတ်ရေ.. ခင်ဗျား လည်း ဒီကောင်တွေနဲ့ (သူ့အောက်က စစ်ဗိုလ်တွကို ပြောတာ) ဆက်ဆံရတာ အဆင်မပြေဘူးကြားတယ်..။ ကိုလတ်လည်း စိတ်ညစ်နေမှာပဲ..။ ခုလက်ရှိ အလုပ် (အစိုးရသတင်းစာရဲ့ အယ်ဒီတာချုပ်ရာထူး) ဆက်မလုပ်ရင် ကောင်းမယ်။ နိုင်ငံခြားမှာ သံအမတ်ကြီး ရာထူး စီစဉ်ပေးမယ်..” အစရှိသဖြင့် ယဉ်ယဉ်ကျေးကျေးနဲ့ ပြောပြီး အလုပ်က ထုတ်တော့တာပဲ။
ဦးခင်မောင်လတ် ကလည်း “ကျနော် သတင်းစာအလုပ်ကိုပဲ လုပ်ချင်တယ်။ ဒါပေမဲ့ မကျေနပ်ရင်ထွက်ပေးမယ်။ ကျနော်ဟာ အစကတည်းက ကျောင်းဆရာ အလုပ်လုပ်ခဲ့တယ်။ ခုလည်းကျောင်းဆရာအလုပ်ပဲ လုပ်မှာပေါ့” လို့ ပြောပြီး အဲဒီအချိန်က စစ်ဗိုလ်တိုင်း မက်မောတဲ့ သံအမတ်ရာထူးကို ငြင်းပြီး ထွက်ခဲ့တယ်။
အဲ့သလို ဦးခင်မောင်လတ် ထွက်ရတာကို ဆရာကြီး ရွှေဥဒေါင်း ကြားတော့ စိတ်မကောင်းဖြစ်ပြီး သူလည်းထွက်မယ် ဖြစ်တယ်။ ရွှေဥဒေါင်းဟာ တော်လှန်ရေးကောင်စီ စတက်ပြီး နောက်နှစ် (၁၉၆၃) အစိုးရ သတင်းစာအသစ် (လုပ်သားပြည်သူ့နေ့စဉ်) ထုတ်မယ် စီစဉ်ကတည်းက သူကိုယ်တိုင် မန္တလေးကနေ ပင့်ပြီး ယောက်လမ်း (ယောမင်းကြီးလမ်း) စစ်အရာရှိရိပ်သာ တိုက်ခန်းမှာ ကား၊ ယဉ်မောင်း၊ အဆောင်အယောင် အပြည့်အစုံနဲ့ လိုလေးသေး မရှိအောင်ထားပြီး အယ်ဒီတာချုပ် ရာထူးယူခိုင်းခဲ့တဲ့ “သတင်းစာဘုရား” ဆိုတော့ ဗိုလ်နေဝင်းက “ဆရာကြီး ထွက်မယ်မဆုံးဖြစ်ခင် သူ့အိမ်တော်မှာလာနေပြီး ဥပုသ် သီတင်း သီလစောင့် တရား အားထုတ် လှည့်ပါ” လို့ဖိတ်တယ်။ အနေအထိုင်၊ အစားအသောက် စီစဉ်ပေးပြီး ဆရာကြီး တရား အားထုတ်တာကို ဝတ်ကြီးဝတ်ငယ် ပြုစုရင်း ချော့တယ်။ ဒါပေမယ့် ဆရာကြီးက ဥပုသ် ထွက်တော့လည်း သူ့ဆုံးဖြတ်ချက် ကို မပြင်ဘဲ အလုပ်ကထွက်ပြီး မန္တလေး ပြန်သွားတယ်။
(စကားချပ် – အကြောင်းအရာနဲ့ သိပ်မဆိုင်ပေမယ့် ဆရာကြီးကို ဗိုလ်နေဝင်းတို့ စောင့်ရှောက်တာ အကောင်းလွန်ပုံကို ပြောရရင် ဆရာကြီးကတော် မျက်စိတိမ်စွဲတော့ အရပ် ဆေးရုံ မတက်စေဘဲ စစ်ဆေးရုံ တင်ပြီး ခွဲလိုက်တာ ဒေါ်ကြီးစိုး ခမျာ မျက်စိ တလုံး ကွယ်ပါလေရော..။)
ဦးဝင်းတင် အကြောင်း ဆက်ရရင် အထက်က ဆွေးနွေးပွဲမှာ စာပေလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး စပြောခဲ့တဲ့ သူဆိုတော့ သူ့ကိုလည်း ထိတာပေါ့။ အဲဒီ အချိန်မှာ ပြည်သူပိုင် သိမ်းပြီးဖြစ်တဲ့ မြန်မာ့အလင်း နဲ့ ဟံသာဝတီ တခုခုကို မန္တလေးပြောင်းပြီး ထွက်မယ်။ (၁၉၆၇ ကတည်းက မန္တလေးက လူထုသတင်းစာ လည်း ပိတ်လိုက်ရပြီ။) အဲ့မှာ ဦးဝင်းတင် အယ်ဒီတာချုပ် လုပ်စေ ဆိုပြီး နယ်နှင်ဒဏ်ပေးခံရတယ်။
ကျနော် တယောက်တည်း အယူအဆရတော့ ဦးဝင်းတင် နယ်နှင်ဒဏ် လောက်ပဲ ထိတာဟာ ဗိုလ်နေဝင်းက ဦးဝင်းတင်အပါ် ဆရာဇဝနနဲ့ ဆက်စပ်ပြီး ခင်မင်ရင်းစွဲစိတ် ရှိတာကြောင့်လို့ ထင်တယ်။ ဗိုလ်နေဝင်းနဲ့ ဆရာဇဝနက တနယ်တည်းသားတွေ ဖြစ်တဲ့အပြင် သူငယ်ချင်းတွေ ဖြစ်တော့ တော်တော်ရင်းနှီးတယ်။ အဲ့တော့ အမြဲတမ်း သူ့ရဲ့ အိမ် (နောင် အစိုးရအိမ်တော်) ကို ထမင်းစား၊ အရက်သောက် ဖိတ်တယ်။ အဲ့သလို ဖိတ်ရင် ဆရာဇဝနနဲ့ တွဲလျက် သူနဲ့အတူတူ ကြေးမုံမှာ လုပ်နေတဲ့ ကြေးမုံဦးသောင်း၊ ဦးဝင်းတင် တို့ကိုပါ ခေါ်လေ့ရှိတယ်။
ဆရာဇဝနက ဗိုလ်နေဝင်းနဲ့ ဘယ်လောက် ရင်းနှီးသလဲဆို အရက်ကလေး တခွက်၊ နှစ်ခွက်ဝင်ရင် စပြီး ဗိုလ်နေဝင်းကို စလိုက်၊ နောက်လိုက်၊ ငေါ့လိုက် လုပ်တော့တာပဲ။ ဗိုလ်နေဝင်းကလည်း “ကိုသိန်း..ကိုသိန်း..” နဲ့ ဆရာဇဝနကို ခေါ်ပြီး ရယ်(ရီ) ရင်း မောရင်းနဲ့ပဲ ဆရာဇဝန ငေါ့ သမျှခံတယ်။
သူတို့နှစ်ဦး ရင်းပုံကို သာဓက တခု ပြရရင်…
၁၉၆၃ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်တော့ သခင်စိုး အပါအဝင် တောထဲက ပုဂ္ဂိုလ်တွေ ပြန်တဲ့ အချိန်မှာ မြို့ပေါ်မှာ ရှိသမျှ လက်ဝဲ အရောင်ရှိသူရော၊ မရှိသူပါ နိုင်ငံရေးနဲ့ ဆက်စပ်နေတဲ့ စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမားတွေကို စစ်ထောက်လှမ်းရေးက အကုန်လိုက်ဖမ်းတယ်။ သခင်စိုးကြီးကို ကျပ်တထောင်တန် ညစာစားပွဲနဲ့ ဂုဏ်ပြုရမယ်လို့ ကြေညာပြီး ဧည့်ဝတ်ပြုတဲ့ စာရေးဆရာ၊ သတင်းစာဆရာ၊ အယ်ဒီတာ အထောက်တော်လှအောင် ကအစ သခင်စိုးကြီး စွန့်ပစ်ထားခဲ့တဲ့ မြို့ပေါ်က မယားကြီးကို ယူမိတဲ့ နောက် အိမ်ထောင်သစ် (ကံဆိုးရှာသူ) ယောက်ျား အဆုံး ရှိရှိသမျှ အဖမ်းခံနေရတဲ့ အချိန်ပေါ့။ အဲ့အချိန်က ဖမ်းခံထိတဲ့ အထဲမှာ ဟာသဖြစ်ရတဲ့ ဇာတ်လမ်း တပုဒ်ဆို ဇိမ်အိမ်မှာ လူငယ် တယောက် သူ့ကိစ္စပြီး၊ ပြန်မယ် လုပ်တဲ့အချိန်မှာ ဇိမ်မယ်က အပိုဘောက်ဆူးတောင်းတယ်။ လူငယ်က သနားတာနဲ့ အပိုကြေး (၅) ကျပ် ပေးလိုက်တယ်။ အဲ့တော့ ဇိမ်မယ်က (၅) ကျပ်ကတော့ နည်းပါတယ်၊ ထပ်ပိုပေးပါလို့ ပြောတော့ လူငယ်က “ဟဲ့ နင်က ငါ့များ စစ်ဗိုလ်မှတ်နေသလား..။ ငါ့က ရိုးရိုးသာမန် သမ္မာအာဇီဝနဲ့ စီးပွားလုပ်စားနေတဲ့ လူဟ၊ စစ်ဗိုလ်တွေလိုတော့ မပေးနိုင်ဘူး” လို့ ပြောပြီး ပြန်ခဲ့တယ်။ နောက်တနေ့ မိုးလင်းတော့ အဲဒီ လူငယ်လေး မတော်တရော် နေရာသွားပြီး စစ်ဗိုလ် သိက္ခာချရပါ့မလားဆိုတဲ့ ပုဒ်မနဲ့ ဖမ်းခံထိတယ်။
အဲ့သလို မည်းမည်း မြင်ရာ ဖမ်းနေတဲ့ အချိန်မှာ ကြေးမုံက လက်ဝဲအရောင်ရှိတဲ့ အယ်ဒီတာ စိန်ခင်မောင်ရီ (နာမည်ကြီး ရုပ်ရှင်ဝေဖန်ရေးဆရာ) နဲ့ ဦးသောင်းရဲ့ အတွင်းရေးမှုးပါ ဖမ်းခံရတယ်။ အဲ့တော့ ကြေးမုံဦးသောင်းလည်း ရန်ကုန်မြို့ထဲမှာပဲ ပတ်ပြီး တိမ်းရှောင်နေရတယ်။ အဲ့သလိုနဲ့ လေး၊ငါးလ ကြာတဲ့ အချိန်မှာ ဗိုလ်နေဝင်းက ဆရာဇဝနကို အိမ်တော်မှာ ထမင်းစားဖိတ်တယ်။ (လူထု ဦးလှလည်းပါတယ်။) စားရင်းသောက်ရင်း၊ ထွေရာလေးပါးပြောရင်းနဲ့ ဗိုလ်နေဝင်းက ဆရာဇဝနကို “ကိုသိန်း ခင်ဗျားလူကို သူ့သတင်းစာပြန်လုပ်ပါစေ၊ သူ့ကိုဖမ်းဖို့စာရင်းမှာ မပါဘူး၊ ဖမ်းလည်းမဖမ်းချင်ပါဘူး” လို့ပြောတယ်။ အဲ့သလိုပြောပြီး ခဏနေတော့ ဗိုလ်နေဝင်းကထပြီး နောက်ဖေး၊ နောက်ဖီ ထွက်သွားတယ်။ အဲ့အချိန်မှာ ထမင်းစားပွဲမှာ အတူတက်ရတဲ့ ဒေါက်တာမောင်မောင် (ဗိုလ်နေဝင်းရဲ့ လူယုံ၊ လက်ရင်း) က ဆရာ ဇဝန နဲ့ လူထုဦးလှကို “ကျနော့် ယောက္ခမကြီးလည်း ခုဖမ်းခံထိနေတယ်။ ဗိုလ်ချုပ်ကြီးကို ပြောပေးပါဦး” လို့ တောင်ပန်ရှာတယ်။ ဗိုလ်နေဝင်းပြန်လာတော့ ဆရာဇဝနနဲ့ လူထုဦးလှက “ဒေါက်တာမောင်မောင်ရဲ့ ယောက္ခမလည်း ဖမ်းခံနေရတယ်။ လွှတ်ပေးပါ” လို့ ပြောပေးရတယ်။ အဲ့သလိုပြောတော့ ဗိုလ်နေဝင်းက အံ့သြတကြီးနဲ့ “ဟ..မောင်မောင်ရာ..၊ မင်းနဲ့ ငါ့ နေ့တိုင်းတွေ့နေတာ၊ စောစောက ဘာလို့မပြောသလဲ” လို့မေးတယ်။ ဒေါက်တာမောင်မောင်က မဖြေရဲတော့ ဘာမှမဖြေဘဲ ငိုင်နေတယ်။ ဆရာဇဝနကသာ အရက်ကလေးနည်းနည်းဝင်နေပြီဆိုတော့ ထုံးစံအတိုင်း “ကြောက်လို့ပေါ့ဗျာ” လို့ ပြန်ပြောရဲတယ်။
ဆိုလိုချင်တာက ဗိုလ်နေဝင်းက ဆရာဇဝနကို အကြောင်းပြုပြီး ဦးဝင်းတင်ကို ခင်မင်တယ်။ ဦးဝင်းတင်ကို မန္တလေးပို့ပြီး နောက်ပိုင်းလည်း ဗိုလ်နေဝင်း မေမြို့၊ ပုဂံစတဲ့ ဒေသတွေ တိုင်းခန်းလှည့်လည်လို့ မန္တလေးဝင်ရင် ဦးဝင်းတင်ကို အမြဲခေါ်တွေ့ပြီး စကားပြောတယ်။ ဦးဝင်းတင် အစိုးရကိုယ်စားလှယ်အနေနဲ့ ဥရောပခရီးစဉ်ထွက်တုန်း လန်ဒန်မှာ ဗိုလ်နေဝင်း ဆေးကုတာနဲ့ ကြုံတော့လည်း ဦးဝင်းတင်ကို ခေါ်တွေ့တယ်။ စကားပြောရင်လည်း ဗိုလ်နေဝင်းက ဦးဝင်းတင်ကို အသက်ကွာပေးမဲ့ လေးလေးစားစား “ခင်ဗျား၊ ကျနော်” သုံးပြီး ပြောလေ့ရှိတယ်။ အဲ့တော့ ဗိုလ်နေဝင်းရဲ့ မင်း၊ ငါနဲ့ ပြောပြီး မအေ၊ နှမကုန်အောင် ဆဲခံနေကြ သူ့လက်အောက် က ဗိုလ်ချုပ်တွေ၊ တိုင်းမှုးတွေကပါ ဦးဝင်းတင်ကို ရှိန်ကုန်တယ်။ ဦးဝင်းတင် မန္တလေးမှာ အထိုက်အလျောက် လွတ်လွတ်လပ်လပ်နဲ့ စာပေ၊ သတင်းစာလုပ်ငန်းတွေ အောင်အောင်မြင် လုပ်နိုင်ခဲ့တာဟာ ဗိုလ်နေဝင်း “Blessing” ကြောင့်လို့လည်း ပြောလို့ရတယ်။ ဒါပေမယ့် နောက်ဆုံးတော့လည်း ဦးဝင်းတင် မန္တလေးမှာ လုပ်ငန်းတွေ အောင်မြင်၊ လူထုမေတ္တာခံယူနေတဲ့ အချိန်ကျတော့ လူထုချစ်တဲ့ လူတွေကို အမြဲတမ်း မနာလို မုန်းထားလေ့ရှိတဲ့ ဗိုလ်နေဝင်းရဲ့ စရိုက်အတိုင်း ဦးဝင်းတင်ကို မျက်စိစပါးမွှေးစူးလာပြီး နောက်ပိုင်း စနေ စာပေဝိုင်းမှာ ဦးသိန်းဖေမြင့်နဲ့ ပတ်သက်တဲ့ စာတမ်း တင်တာကို အကြောင်းပြုပြီး ဟံသာဝတီကိုဖျက်၊ ဦးဝင်းတင်ကိုလည်း အလုပ်က အနားယူခိုင်းခဲ့တယ်။
ဗိုလ်နေဝင်း ဦးသိန်းဖေမြင့်ကို မျက်မာန်တော်ရှရတာကလည်း ကလေးကလားနိုင်တယ်။ ဦးသိန်းဖေမြင့်ဟာ စစ်တပ်အာဏာသိမ်းပြီး တော်လှန်ရေး အစိုးရတက်ကတည်းက ဗိုလ်နေဝင်းကို ထောက်ခံခဲ့တယ်။ ဗိုလ်နေဝင်းကလည်း ဦးသိန်းဖေမြင့်ကို ကြည်ဖြူတယ်။ တော်လှန်ရေးကောင်စီရဲ့ အတိုင်ပင်ခံကော်မတီမှာ ဒု-ဥက္ကဋ္ဌ ခန့်တယ်။ ဒါပေမယ့် တော်လှန်ရေးအစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေ၊ နောက်ပိုင်း မဆလ ပါတီရဲ့ အပုပ်နံ့တွေကို တဖြည်းဖြည်း မနှစ်မြို့လာတော့ ဦးသိန်းဖေမြင့်က သူ ဆုံးခါနီး နှစ်တွေမှာ သူ့သတင်းစာရဲ့ “ပွင့်ပွင့်လင်းလင်းပြောပါရစေ” ကဏ္ဍကနေတဆင့် မဆလ ကို ဝေဖန်လာတယ်။ နောက်ဆုံး ဦးနေဝင်းရဲ့ ဝတ်လဲတော်ပုဆိုး အသုံးစရိတ် ကြီးမားတော်မူနေတာကို သရော်ပြီးရေးတော့ ရန်ကုန်က စာနယ်ဇင်းတွေမှာ စာရေးခွင့်ပိတ်ခံလိုက်ရတယ်။ အဲ့သလို ရန်ကုန်မှာ အပိတ်ခံရတဲ့ အချိန်မှာလည်း ဦးဝင်းတင်ကတော့ သူ့ဟံသာဝတီမှာ ဦးသိန်းဖေမြင့်ရဲ့ ဆောင်းပါးတွေကို ဆက်သုံးတယ်။ နောက်ဆုံး ဦးသိန်းဖေမြင့် ဆုံးတော့လည်း အစိုးရက သူ့အကြောင်း မရေးရဆိုပြီး အမိန့်ထုတ်တယ်။ ဒါပေမယ့် ဦးဝင်းတင်ကတော့ သူ့ရဲ့ စနေစာပေဝိုင်းမှာ “သိန်းဖေမြင့် အမှတ်တရ” အနေနဲ့ သိန်းဖေမြင့်ရဲ့ “နိုင်ငံရေးသမား၊ စာရေးဆရာ၊ သတင်းစာဆရာ” စတဲ့ ဘဝ သုံးခု အကြောင်းစာတမ်း (၃) စောင်ကို သခင်ကျော်စိန်၊ ချင်းတွင်းချစ်သွေး တို့နဲ့အတူတင်ပြီး ဂုဏ်ပြုတယ်။ အဲ့သလို လုပ်ခဲ့လို့လည်း လက်ငင်းအကြောင်းအနေနဲ့ ဦးဝင်းတင် မန္တလေးကနေ ထွက်တောမူ နန်းကခွာခဲ့ရတယ်။ တကယ့်အကြောင်းကတော့ ကျနော် အထက်ကပြောသလို ဦးဝင်းတင် မန္တလေးမှာ နေခဲ့တဲ့ (၉)နှစ်တာ ကာလအတွင်းမှာ လုပ်ခဲ့တဲ့ ကောင်းမွန်တဲ့လုပ်ရပ်တွေကိုအကြောင်းပြုပြီး ကောင်းတာလုပ်ရင် မကြိုက်တဲ့ အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း ဗိုလ်နေဝင်း၊ စစ်တပ်နဲ့ မဆလပါတီက ဦးဝင်းတင်ကို ရန်သူစာရင်းသွင်းလိုက်ကြတော့တာပဲ။
ဦးဝင်းတင် မန္တလေးကို စရောက်တဲ့အချိန် (၁၉၆၉) ကိုပြန်ဆက်ရရင်. ဟံသာဝတီ မန္တလေးမှာ စထုတ်တော့ ဗိုလ်သောင်းဒန်က သတင်းစာမှာ နိုင်ငံရေးအနေနဲ့ အစိုးရနဲ့ မတည့်တဲ့၊ စာပေလမ်းစဉ်အနေနဲ့လည်း အထက်ဗမာပြည်စာရေးဆရာအသင်းကို ဦးဆောင်ပြီး “စာပေကို စကားပြောနဲ့ရေးမယ်” ဆိုတဲ့ “တယ်” စာပေတိုက်ပွဲ လှုပ်ရှားမှုကို မြန်မာစာပါမောက္ခ ဦးကျော်ရင်၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ မောင်သာနိုး စသူတို့နဲ့ အတူ ဦးဆောင်လှုပ်ရှားနေတဲ့ လူထု ဦးလှ၊ လူထု ဒေါ်အမာ အစရှိသူတွေရဲ့ စာတွေ မထည့်ဖို့မှာတယ်။ အဲ့တော့ ဦးဝင်းတင်က “ကျနော်တို့ မန္တလေးမှာ အစိုးရ သတင်းစာထုတ်ဖို့သွားတာက လူထုဦးလှတို့နဲ့ ရန်ဖြစ်ဖို့သွားတာမဟုတ်ဘူး။ လူထုမောင်နှံလို စာပေသြဇာရှိတဲ့၊ မြို့ခံ မြို့မိ၊မြို့ဖ လည်းဖြစ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ စာတွေကို ကျနော်ကတော့ ငြင်းစရာအကြောင်းမရှိဘူး။ “တယ်” နဲ့ရေးလည်း စာကောင်းရင်၊ အကျိုးရှိရင် ထည့်ရမှာပဲ။ အဲ့တော့ ကျနော် အယ်ဒီတာ တယောက်အနေနဲ့ တာဝန်ယူပြီး သူတို့စာတွေထည့်မယ်။ ဒါပေမယ့် အစိုးရ သတင်းစာဖြစ်တဲ့အတွက် အစိုးရရဲ့ ပေါ်လစီနဲ့ မကိုက်လို့ မထည့်နိုင်တဲ့ တချို့စာတွေတော့ ခြွင်းချက်ပေါ့” ဆိုပြီး ပြန်ပြောတယ်။ ဗိုလ်သောင်းဒန်ကလည်း “unofficially” လွတ်လွတ်လပ်လပ်လုပ်ဖို့ သဘောတူလိုက်တယ်။

ဦးဝင်းတင် ကို လူထု ဦးလှ နှင့် အတူ ဧည့်ခံပွဲ တခု တွင် တွေ့ရပုံ
ဓာတ်ပုံ – မိုးမခ
တကယ်လည်း မန္တလေးမှာ ဟံသာဝတီသတင်းစာ စ ထုတ်တော့ စ ထွက်တဲ့ နေ့မှာကို ဆရာတော် ဦးသောဘိတ (ရွှေကိုင်းသား)၊ လူထုဦးလှ၊ လူထု ဒေါ်အမာ အစရှိတဲ့ မြို့ခံစာပေပညာရှင်တွေရဲ့ ဆောင်းပါးတွေနဲ့ ဖွင့်ခဲ့တယ်။ ရန်ကုန်က ပုဂ္ဂိုလ်ရေး ခင်မင်တဲ့ (ကြေးမုံကတည်းကလည်း သုံးလာတဲ့) ကာတွန်းဆရာကြီး ဦးဖေသိန်း၊ ဦးဘထွေး စသူတွေရဲ့ ကာတွန်းတွေမသုံးဘဲ ဒေသအသံထွက်စေချင်လို့ ဒေသခံ လူသစ်ကာတွန်းဆရာမြောက်များစွာ (ကံချွန်၊ ဗိုလ်မောင် အစရှိသဖြင့်) ကို မွေးထုတ်ပြီး သူ့သတင်းစာမှာ သုံးတယ်။ ပန်းချီဆရာတွေမှာလည်း မြို့ခံ ဆရာပေါ်ဦးသက်၊ ဆရာဝင်းဖေ စတဲ့ သူတွေကို သုံးတယ်။ ထက်မြက်တဲ့ ကလောင်ရှင်၊ ဆောင်းပါးရှင်၊ သတင်းထောက် (ကံချွန်၊ ကျော်မင်းကျော်၊ စိန်ရွှေလှိုင် အစရှိတဲ့) အမြောက်အများကို မွေးထုတ်ပေးခဲ့တယ်။ ဒေသရဲ့ စာပေ၊ လူမှု၊ ပညာ၊ စီးပွား၊ နယ်ပယ်အသီးသီးမှာ ဦးဆောင်နေတဲ့ သူတွေရဲ့ စာတွေနဲ့ သူ့သတင်းစာကို ဒေသခံ ပြည်သူ့တွေရဲ့အသံ၊ ခံစားချက်တွေ ကို ဟစ်ကြွေးပေးနေတဲ့ ရှေ့တန်းခံတပ်ဖြစ်အောင် တည်ဆောက်ခဲ့တယ်။ အဲ့သလို ဒေသအသံ၊ ဒေသရနံ့တွေနဲ့ သင်းထုံနေတဲ့ အောင်မြင်တဲ့ သတင်းစာ တစောင်ကို မွေးထုတ်နိုင်ခဲ့တယ်။ ပညာရှင်တွေရဲ့ ဆောင်းပါးတွေ၊ အာဘော်တွေနဲ့လည်း (သူ့အရင်လုပ်တဲ့ ကြေးမုံလို “intellectual works” များများသုံးပြီး) သတင်းစာ အဆင့်အတန်းကို မြှင့်တင်ခဲ့တယ်။
စာပေ၊ အနုပညာ အတွက်လည်း (စစ်တပ်စတက်ကတည်းက မရှိတော့တဲ့) စာရေးဆရာတွေ၊ သတင်းစာဆရာတွေ တွေ့ဆုံဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲတွေ၊ ဟောပြောပွဲတွေ သူ့သတင်းစာတိုက်မှာ ဦးဆောင်ပြီးလုပ်တယ်။ နောက်ပိုင်း “စနေစာပေဝိုင်း” ဆိုပြီး နာမည်ကြီးခဲ့တယ်။ စနေစာပေဝိုင်း မှာ ဦးသောဘိတ၊ ဦးလှ၊ ဒေါ်အမာ၊ ဒေါက်တာသန်းထွန်း၊ ဦးချမ်းမြ၊ ဦးတင့်လွင်၊ မြန်မာစာ ပါမောက္ခ ဒေါ်သန်းဆွေ၊ ဒါးတန်းဦးသန့် အစရှိတဲ့ ပညာရှင်တွေရဲ့ စာပေ၊ အနုပညာ၊ ရိုးရာယဉ်ကျေးမှုစတဲ့ နယ်ပယ်အသီးသီးနဲ့ပတ်သက်တဲ့ စာတမ်းတွေ အပတ်စဉ် ဖတ်စေတယ်။ သူကိုယ်တိုင်လည်း စာတမ်းတွေ တင်၊ ဟောပြောတယ်။ သူ့လက်အောက်က သတင်းထောက်တွေ အရည်အသွေး တက်စေဖို့ သတင်းထောက် အလုပ်ရုံဆွေးနွေးပွဲတွေ၊ လေ့လာရေးခရီးတွေ လုပ်ပေးတယ်။ ကိုယ်တိုင်လည်း နယ်တွေဆင်း လူထုနဲ့ အနီးကပ်နေ၊ နယ်သတင်းထောက်တွေနဲ့ ဆွေးနွေးပွဲ၊ ဟောပြောပွဲတွေလုပ်တယ်။
သူရဲ့သတင်းထောက်တွေ ကလောင်စွမ်း ဘယ်လောက် ထက်သလဲဆို သူတာဝန်က ရပ်စဲခံရပြီး ဗမာပြည်အနှံ့ ခရီးလှည့်လည်နေစဉ် “ယောချောင်” က ရွာလေး တရွာကို ရောက်တော့ ရွာဦးကျောင်း ဆရာတော်ကို “ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်” ပါလို့ မိတ်ဆက်တော့ ဆရာတော်က (ဟံသာဝတီ ဆိုတဲ့ အသံကြားတာနဲ့) ဝမ်းသားအားရ စကားတွေပြော၊ မေးခွန်းတွေ မေးတော့တာပဲ။ “ဒကာကြီးက ဟံသာဝတီက ဆိုတော့ ‘ကျော်မင်းကျော်’ နဲ့ ဘယ်သူကကြီးလဲ” လို့ ဘွင်းဘွင်းကြီးမေးရော။ အဲ့တော့ ပါလာတဲ့ နယ်ခံသတင်းထောက် တယောက်က “အရှင်ဘုရား.. အယ်ဒီတာချုပ်ဆိုတာ သတင်းစာတိုက် မှာတော့ အကြီးဆုံး ဘုရား” လို့ ပြန်လျှောက်ရတယ်။ အဲ့တော့ ဆရာတော်က “ဘုန်းကြီးက ‘ကျော်မင်းကျော်’ တော့ လေးစာတယ်၊ ပြည်သူ့ဘက်က ရပ်ပြီး အမြဲတမ်း ရေးပေးတဲ့အတွက် ကြည်ညိုတယ်၊ ကျန်တဲ့ သူတွေတော့ အရေးကြီးတယ် မထင်ပေါင်” လို့ ပြန်မိန့်တယ်။ ဦးဝင်းတင်က သူမြေတောင်မြှောက်ပေးခဲ့တဲ့ သတင်းထောက်တွေ၊ ချွန်မြတဲ့ ကလောင်ရှင် တွေ ပြည်သူ့မေတ္တာ သူ့ထက်ပိုခံယူနိုင်တာကို မုဒိတာပွားနိုင်ခဲ့တယ်။
နိုင်ငံရေးဝေဖန်မှုအနေနဲ့ အစိုးရသတင်းစာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်မလုပ်နိုင်ပေမယ့် အစိုးရသတင်းစာအချင်းချင်း ယှဉ်ရင် ခေါင်း တလုံး မြင့်ရပ်တည်ခဲ့ပြီး သူများထက် ဟံသာဝတီက မတရားမှုတွေကို ဖော်ထုတ်တယ်။ ဝေဖန်တယ်။ အမြဲတမ်း လူထုဘက်က မာမာထန်ထန် ရပ်တည်ပေးနိုင်ခဲ့တယ်။
အထက်မှာ ပြောခဲ့တဲ့ အကြောင်းအရာတွေအားလုံးထက် ရင်ကို ထိစေတဲ့ ဦးဝင်းတင်ရဲ့ ဟံသာဝတီ အယ်ဒီတာချုပ်ဘဝ မန္တလေးမှာ လုပ်ဆောင်ချက်တွေက စာပေ၊ သတင်းစာ၊ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ သူ့ရဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ စွမ်းရည်၊ သဘောထား၊ ခံယူချက်တွေဖြစ်တယ်။ သူ့လက်အောက်မှာ အုပ်ချုပ်နေရတဲ့ သတင်းစာလုပ်ငန်းရဲ့ အခြေခံဝန်ထမ်း လူလေးငါးခြောက်ဆယ် လောက်နဲ့ သူတို့ရဲ့ မိသားစု ဘဝတွေ သာယာဝပြောရေးအတွက် ဦးဝင်းတင် လုပ်ပေးခဲ့တာတွေဟာ မန္တလေးမှာ ပြောစမှတ်တွင်ကျန်ခဲ့တယ်။
သူ့အတွက် ကား ထားဖို့ ပေးထားတဲ့နေရာမှာ အဆောင်လေးဆောက်ပြီး ဝန်ထမ်းသက်သာ လက်ဖက်ရည်ဆိုင်လေးဖွင့်စေတယ်။ ဝန်ထမ်းတွေအတွက် အထူးသက်သာတဲ့နှုန်းနဲ့ ဟင်း၊ ထမင်းကြော် စတာတွေပါတွဲပြီး ရောင်းစေတယ်။ ဝန်ထမ်းတွေရဲ့ သားသမီးတွေကိုလည်း ဆိုင်မှာခေါ်ပြီး အလုပ်ပေးတယ်။ ကလေးတွေ ဆိုင်မှာပဲ စားပွဲထိုး၊ ပန်းကန်ဆေး ဘဝနဲ့ အချိန်ကုန်မသွားစေဘဲ နည်းနည်း အချိန်ကြာလာတာနဲ့အမျှ သူတို့ကို စာစီ၊စာရိုက်၊ ပုံနှိပ်စက်ပညာတွေ သင်ပေးစေတယ်။ ပြီးတော့ သူ့ရဲ့ သတင်းစာတိုက်မှာ အစိုးရဝန်ထမ်းအနေနဲ့ ပြန်ခန့်ပေးတယ်။ ဆိုင်ကရတဲ့ အမြတ်အားလုံးကို ဝန်ထမ်းတွေရဲ့ မီးဖိုချောင်စရိတ်အတွက် ခွဲပေးတယ်။ ကလေးတွေ ကျောင်းပညာဆက်လက် သင်နိုင်အောင် ထောက်ပံ့တယ်။ ဝန်ထမ်းတွေအတွက် အခမဲ့ ဆေးခန်းလေး ဖွင့်ပေးတယ်။ ဝန်ထမ်းတွေ သူတို့နေတဲ့ရပ်ကွက်ထဲမှာ လူရာဝင်လာအောင်၊ လူလေးစားလာမှု၊ ခေါင်းဆောင်မှုရအောင် ဝန်ထမ်း တအိမ်ထောင်စု အနေနဲ့ ဝန်ထမ်းမဟုတ်တဲ့ အိမ်နီးချင်း ရပ်ကွက်ထဲက မိသားစု လေးစု စာနှုန်း သူ့ရဲ့ (သတင်းစာတိုက်ရဲ့) အခမဲ့ ဆေးခန်းမှာ လာကုခွင့်ပေးတယ်။
သူရဲ့ အယ်ဒီတာချုပ်အခန်းဟာ အဆောင်အယောင်မရှိ၊ တံခါးတောင်မရှိဘူး။ သူ့လက်အောက်က ဝန်ထမ်း ကြီးငယ်မရွေးဝင်ပြီး သူနဲ့ စကားပြောဆို၊ ဆွေးနွေး၊ တင်ပြနိုင်တယ်။ သူကိုယ်တိုင်လည်း ကိန်းခန်း တကြီးမနေဘဲ စာစီသမားတွေလုပ်တဲ့ အခန်းထဲက စားပွဲမှာ သွားထိုင်ပြီး အလုပ် လုပ်လေ့ရှိတယ်။ အခြေခံဝန်ထမ်းတွေနဲ့ နီးနီးကပ်ကပ် အမြဲနေထိုင်ပြီး သူတို့ရဲ့ လှုမှုဘဝ သာရေး၊နာရေး ကိစ္စအဝဝကို သူမှာရှိတဲ့ ရာထူး၊ အာဏာ၊ ငွေကြေး ရှိသမျှလေးနဲ့ တာဝန်ယူပေးတယ်။
အဲ့သလို မန္တလေးမှာ လုပ်ခဲ့တဲ့ သူရဲ့ ချီးမွမ်းဖွယ် နာမည်ကျော် ဖြစ်ရပ်တွေကို လွတ်လပ်တဲ့ အာရှအသံ၊ အစီအစဉ် တင်ဆက်သူက ဦးဝင်းတင်ကိုမေးရင်းနဲ့ ဖြတ်ပြီးတော့ “ဆရာ ဒီလိုတွေလုပ်ဖို့ ဘယ်လို အတွေးအခေါ်၊ အကြံဉာဏ်တွေ ရခဲ့လဲ” ဆိုတဲ့ မေးခွန်းကို ဦးဝင်းတင်ပြန်ဖြေပုံက ပိုပြီး မှတ်သားနာယူဖို့ကောင်းတယ်။ ဦးဝင်းတင်က
“ဒါတွေကို လုပ်ခဲ့တာ အတွေးအခေါ်၊ အကြံဉာဏ်ကြောင့်မဟုတ်ဘူးဗျာ့..။ ခံစားချက်ကြောင့်ဗျာ့..။ လက်တွေ့မြင်တွေ့နေရတဲ့ လူတွေရဲ့ ဒုက္ခတွေကို ရင်ထဲ၊ နှလုံးထဲ၊ စိတ်ထဲကနေ ခံစာရင်ဒီလိုပဲ လုပ်ရမယ်”
လို့ ပြန်ဖြေတယ်။ ဦးဝင်းတင်က တဆက်တည်း ခုလက်ရှိ ဗမာပြည်မှာ ဖြစ်ပျက်နေတဲ့ ပြည်သူလူထုရဲ့ ဒုက္ခ၊ သုက္ခတွေကို စစ်ဗိုလ်ချုပ်ကြီးတွေအနေနဲ့ တကယ် စိတ်ထဲ၊ အသည်းထဲက ခံစားနားလည်မပေးတာ၊ လူထုသက်သာချောင်ချိ၊ ဘဝ သာယာလာရေး အတွက် လုပ်မပေးနိုင်တဲ့ သူတို့ရဲ့ စိတ်ဓာတ်တွေကို အံ့သြရတယ်လို့ ဆက်ပြောတယ်။
ဦးဝင်းတင်ရဲ့ လက်အောက်က ဝန်ထမ်းတွေကို အုပ်ချုပ်ပုံစနစ် နဲ့ သူရဲ့ ခံစားချက်၊ ခံယူချက်၊ သဘောထား၊ လုပ်ရပ်တွေကို အရင်ကလည်း (ဆရာတင်မိုး အစရှိတဲ့ သူများတွေရေးတဲ့) စာအုပ်တွေမှာ ဖတ်ဖူး၊ နောက် သူကိုယ်တိုင်လည်း ရေဒီယိုမှာ ပြောတာတွေနားထောင်ရတော့ သူအုပ်ချုပ်ခွင့်ရတဲ့ လူလေး လေးငါးခြောက်ဆယ်ကနေပြီးတော့ ရပ်ကွက်၊ မြို့နယ်၊ တိုင်း၊ နိုင်ငံဆိုပြီး ချဲ့တွေးကြည့်မိတယ်။ လူအနည်းအများကွာပေမဲ့ အုပ်ချုပ်ရတဲ့၊ တာဝန်ယူရတဲ့ သဘောတရားက အတူတူပဲ ဖြစ်တယ်။ ဦးဝင်းတင် သူ့ဝန်ထမ်းတွေကို လုပ်ပေးခဲ့တဲ့ စားဝတ်နေရေးချောင်လည်ရေး၊ ကလေးတွေပညာသင်နိုင်ရေး၊ ဘဝမှာ ပညာ တခုခုနဲ့ အမှီအခိုကင်းကင်း ရပ်တည်နိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု စတဲ့ လူမှုဘဝသာယာဝပြောမှုလုပ်ငန်းတွေဟာ တိုင်းပြည်နဲ့ချီ ပြောရင်လည်း အဓိကလိုအပ်တဲ့၊ ဦးစားပေးလုပ်ရမယ့် တိုင်းသူပြည်သားတွေအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ပြည့်စုံအောင်လုပ်ပေးရတဲ့ လုပ်ငန်းတွေပဲ ဖြစ်တယ်။ လုပ်နည်းလုပ်ဟန်နဲ့ သဘောတရားကအတူတူပဲ။ တကယ်လုပ်ပေးနိုင်/ချင်ဖို့က အာဏာ၊ အခွင့်အရေး၊ တာဝန်၊ ဝတ္တရား ရှိတဲ့ သူတွေရဲ့ ခံယူချက်၊ စိတ်ခံစားမှု၊ တကယ်လုပ်ပေးချင်တဲ့ ဆန္ဒကသာ စကားပြောတယ်။
ခုလက်ရှိ ပြည်သူ့အစိုးရပါ ဆိုပြီးတက်လာတဲ့ အစိုးရသစ်အနေနဲ့ ဆရာဦးဝင်းတင်လို အောက်ခြေကလူတွေရဲ့ အသံကိုနားထောင်၊ စာနာနားလည်၊ ခံစားပြီးတော့ သူတို့အတွက် ကောင်းရာမွန်ရာကို မဖြစ်မနေ ဆောင်ရွက်ရမယ်ဆိုတဲ့ အသိ၊ ခံယူချက်၊ ခံစားချက်ရှိဖို့လိုတယ်။ အဲ့ဒါက ပိုပြီး အရေးကြီးတယ်။ တကယ်လက်တွေ့ တိုင်းပြည်ကို သာယာဝပြောတိုးတက်အောင် လုပ်ပေးနိုင်တဲ့ အသိဉာဏ် ပညာ၊ အတွေးအခေါ် မရှိရင်တောင် အဲ့ဒါတွေကို ရှိတဲ့၊ သိတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေက ဝိုင်းဝန်းပံ့ပိုးပေးလို့ရတယ်။ အစိုးရကောင်း တရပ်မှာရှိရမယ့် ပြည်သူ့အသံ၊ ခံစားချက်ကို နားထောင်ချင်တဲ့စိတ်၊ စာနာနားလည်နိုင်တဲ့ ပြည့်ဝတဲ့ နှလုံးသားတွေမရှိရင် တိုင်းပြည်တိုးတက်အောင် ဘာမှဆက်ပြီးတော့ လုပ်လို့ရမှာ မဟုတ်ဘူး။ အဲ့သလို ခံစားနားလည်တဲ့ စိတ်နှလုံးမရှိဘဲ ဇွတ်လုပ်လည်း တိုင်းပြည်က ဆင်းရဲတွင်းက ထွက်လာနိုင်မှာ မဟုတ်ဘူး။ ဆိုတော့ကာ အစိုးရသစ်ရဲ့ သမ္မတ က အစ၊ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှုး အဆုံး အထိ အခြေခံ လူတန်းစား အများစုရဲ့ ဆန္ဒ၊ သဘောထား၊ သူတို့ခံစားနေရတဲ့ လူမှုဘဝဒုက္ခတွေကို ခံစားနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင်တွေဖြစ်အောင် ကြိုးစားစေချင်တယ်။ တိုင်းပြည်အနာဂတ်အတွက် လှပတဲ့ အသီးအပွင့်တွေ ဝေဆာနိုင်အောင် ကောင်းမွန်တဲ့ အကျင့်တွေ ခုကစပြီး ပြုစုပျိုးထောင်စေချင်တယ်။
နိဂုံးချုပ်အနေနဲ့တော့ ဆရာဦးဝင်းတင်ရဲ့ သူ့ဘဝဇာတ်ကြောင်းပြောထားတဲ့ ရေဒီယိုအစီအစဉ်တွေကို စာအုပ်အနေနဲ့ ပြည်တွင်းမှာ ထုတ်စေချင်တယ်။ အနည်းဆုံး “Audio Autobiography” အနေနဲ့ဖြစ်ဖြစ် ထုတ်စေချင်တယ်။ ဒီမိုကရေစီ အစိုးရသစ်လို့ အမြဲအော်အော် နေတော့ ပြည်တွင်းမှာ ထုတ်ဝေခွင့်ရမယ်လို့လည်း မျှော်လင့်တယ်။
ဆရာဦးဝင်းတင် သက်ရှည်၊ ကျန်းမာပြီး တိုင်းပြည်အကျိုး ဆထက်တပိုး ဆောင်ရွက်နိုင်ပါစေ။
ငြိမ်းချမ်းအေး
၀၄၊ မတ်လ၊ ၂၀၁၂
(မိုးမခ မီဒီယာ အင်တာနက် စာမျက်နှာတွင် မူရင်း ဖော်ပြခဲ့သည်။)
၁) http://moemaka.com/?p=21380 (အပိုင်း – ၁)
၂) http://moemaka.com/?p=21402 (အပိုင်း – ၂)
ရည်ညွှန်း ။ ။
“ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း” ရေဒီယိုအစီအစဉ်၊ လွတ်လပ်တဲ့အာရှအသံ။
ကြေးမုံ ဦးသောင်း (အောင်ဗလ) ရေး “ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ” နှင့် “ဘီလူးတို့ရွာ”။