ဘောလုံးကွင်းထဲက နှလုံးသားများ | ငြိမ်းချမ်းအေး

Title

ဟိုတရက်က စပါး နဲ့ ဘော်လ်တန် ကစားတဲ့ FA ဖလားဘောလုံးပွဲမှာ နှလုံးရပ်ပြီး လဲကျသွားတဲ့ ဘော်လ်တန် ကစားသမား မူအမ်ဘာ ကို ဖြစ်ဖြစ်ချင်း စပြီး ပြုစုစောင့်ရှောက် အသက်ကယ်ပေးခဲ့တဲ့ ဆရာဝန်တွေရဲ့ အဲဒီနေ့က အဖြစ်အပျက်ကို ပြန်ပြောပြတဲ့ အင်တာဗျူးတွေ ကြည့်ရတာ စိတ်နှလုံးကို ထိခိုက်စေသလို ကြည်နူးပီတိလည်း ဖြစ်စေတယ်။

လဲကျသွားတာကို စသတိထားမိသူက ဘော်လ်တန်အသင်းရဲ့ အရိုး၊ အကြောပညာရှင်(Physio)၊ သူက “ကွင်းထဲဝင်ဟေ့၊ ကွင်းထဲဝင်ကြဟေ့” ဆိုပြီး ကုန်းအော်တယ်။  ဘော်လ်တန် ဆရာဝန် နဲ့ ဆေးအဖွဲ့လည်း ပြေးဝင်ပြီး လဲကျနေတဲ့ ကစားသမားကို စ စမ်းသပ်ကြည့်ကြတယ်။

အဲဒီအချိန်မှာပဲ ပြိုင်ဘက် စပါး အသင်းက ဆရာဝန်လည်း ဝင်လာပြီး ဝိုင်းကူ လုပ်ပေးတယ်။  သူတို့က လူနာကို ပါးစပ်ချင်း တေ့ပြီး အသက်ရှုစေတာ၊ အောက်စီဂျင်ပေးတာ၊ CPR (လက်ဖြင့် နှလုံးပြန်ခုန်အောင်) လုပ်တာ စတာတွေနဲ့ လူနာ နှလုံးပြန်ခုန်လာအောင် ကြိုးစားကြတယ်။  ဒိုင်လူကြီး၊ နှစ်ဘက် ကစားသမား၊ ပရိသတ် အားလုံးက ငြိမ်ပြီး လူတယောက် အသက် လုနေရတာကို စိုးရိမ်တကြီး စောင့်ကြည့်နေတယ်။  အဲဒီအချိန်မှာ ဘောလုံး ဆိုတာ မရှိဘူး၊ ပြိုင်ဘက် ဆိုတာ မသိဘူး။ လူဖြူတွေ၊ လူမဲတွေ၊ ဘာသာမတူ၊ လူမျိုးကွဲတာတွေ မစဉ်းစားမိဘူး။  လူအသက်တချောင်း ရှင်ဖို့က အားလုံးအတွက် အရေးကြီးဆုံး ဘုံတန်ဖိုး၊ ဘုံအကျိုးစီးပွား ကိစ္စဖြစ်သွားတယ်။

ကွင်းထဲက ဆေးအဖွဲ့ CPR လုပ်နေတာလည်း မြင်ရော ပရိသတ်ထဲက အင်္ဂလန်ရဲ့ ထိပ်တန်း နှလုံးအထူးကု ဆရာဝန်ကြီး (စပါးပရိသတ်) က ကွင်းဘေးက လုံခြုံရေးတွေကို ခွင့်တောင်းပြီး ကွင်းထဲကို ဝင်လာတယ်။  ကွင်းထဲက ဆေးအဖွဲ့နဲ့ ပူးပေါင်းပြီး လူနာအသက်ကို ကယ်ဖို့ သူ့ရဲ့ ကျွမ်းကျင်မှု ပညာကို ပေးတယ်။  အဲဒီ နှလုံးအထူးကု ဆရာဝန်ကြီးက ခု အင်္ဂလန်မှာ ကစားသမား အသက်ကို ကယ်ခဲ့တဲ့ ဆရာဝန်ကြီး အနေနဲ့ ဟီးရိုးဖြစ်နေတယ်။

လန်ဒန် အရေးပေါ် သူနာပြုယာဉ်ကလည်း ဝန်ဆောင်မှု ကောင်းတော့ အလျင်အမြန်ပဲ ရောက်လာတယ်။  လူနာကို ဆေးရုံကို ခေါ်သွားတော့ ပွဲကြည့်စင်ကို ဖြတ်တဲ့ ပေါင်းကူးတံတားထဲမှ (၁) ခါ၊ လမ်းတလျှောက် ကားပေါ်မှာ (၁၂)ခါ စက် (defibrillator) နဲ့ နှလုံးပြန်ခုန်လာအောင် ကြိုးစားကြတယ်။

စလဲတဲ့ အချိန်ကနေ ဆေးရုံရောက်တဲ့အချိန်အထိ (၄၈) မိနစ်ကြာတယ်။  ဆေးရုံရောက်ပြီး မိနစ် (၃၀) ကြာတဲ့အထိလည်း (စက်အကူအညီနဲ့တောင်) နှလုံးပြန်ခုန်မလာသေးဘူး။  ဆိုတော့ ကစားသမား ဟာ (၇၈) မိနစ်ကြာ နှလုံးခုန်ရပ်နေတယ်၊ တနည်းအားဖြင့် သေသွားခဲ့တယ်။

အများအားဖြင့်လည်း Defibrillator (၃)/(၄) ခါထက် ပိုလုပ်လို့မှ မရရင် အသက် ဆုံးတတ်တယ်။  ဆေးရုံကို ပါသွားတဲ့ ဘော်လ်တန် ဆရာဝန်က ဆေးရုံကို ရောက်လို့ ဆေးရုံက ဆရာဝန်တွေ လက်ထဲကို လူနာလွှဲပြီးတာနဲ့ လူနာအခြေအနေကို ကြည့်ပြီး ချုံးပွဲချ ငိုမိတယ်။  ဒါပေမယ့် သန်စွမ်းတဲ့ လူငယ်ကစားသမား တယောက် ဖြစ်တာရယ်၊ ရှေးဦးစောင့်ရှောက်မှု ကောင်းလို့ရယ်၊ လူတွေအားလုံးရဲ့ မေတ္တာစေတနာ အစွမ်းရယ်၊ ကံ ရယ် အားလုံးပေါင်းတော့ ခု အချိန်မှာ လူနာဟာ အသက်အန္တရာယ်အတွက် စိုးရိမ်စရာမလိုတော့ဘဲ သေတွင်းကနေ လွတ်သွားပြီလို့ ပြောလို့ရတဲ့ အခြေအနေ ပြန်ရောက်လာခဲ့တယ်။

ခုလို ထူထူထောင်ထောင်ဖြစ်လာတာကို ပါးစပ် ကနေ “မယုံနိုင်လောက်အောင် အံသြဖွယ်ရာပါပဲ” လို့ ပြောတဲ့ ရှေးဦးပြုစုတုန်းက ပါခဲ့တဲ့ နှလုံးအထူးကု ဆရာဝန်ကြီးက လူနာကစားသမားလေး သတိပြန်လည်လာပြီး (၂) နာရီကြာတဲ့ အချိန်မှာ လူနာနားကပ်ပြီး “မင်းနာမည် ဘယ်သူလဲ” လို့ မေးတော့ လူနာက သူ့နာမည်ကို ပြန်ဖြေနိုင်တယ်။  ပြီးတော့ ဆရာဝန်ကြီးက

“ဟေ့..မင်းက တကယ်တော်တဲ့ ဘောလုံးသမားလေးဆို..” လို့ ဆက်မေးတယ်။

လူနာ ကစားသမားလေးက “ကျနော် ကြိုးစားပါတယ်” လို့ ပြန်ဖြေတယ်။

ဆရာဝန်ကြီးက “ကျနော် သူပြန်ပြောတဲ့ စကားကို ကြားရတော့ မျက်ရည်ကျရပါတယ်” လို့ ပြောတယ်။

အာဖရိက အနွယ်ဝင် ကွန်ဂိုနိုင်ငံဖွား၊ အင်္ဂလန်ကို ဒုက္ခသည်အနေနဲ့ ရောက်လာခဲ့ပြီး အင်္ဂလန်ကိုယ်စားပြု လူငယ်အသင်းတွေမှာ ယှဉ်ပြိုင်ခဲ့တဲ့ ခု (၂၃) နှစ် အရွယ် ရှိပြီဖြစ်တဲ့ မူအမ်ဘာ ရဲ့ ဘောလုံးသမားဘဝ ရှေ့ခရီးဆက်ဖို့ အရေးက မသေချာတော့ပေမယ့် သူ့ရဲ့ ကြေကွဲဖွယ် ဖြစ်ရပ်က လူတွေရဲ့ စိတ်တွေမှာ မမြင်နိုင်တဲ့ စည်းတွေ၊ နံရံတွေလို ခြားနားထားတဲ့ ပြိုင်ဘက် ဆိုတာတွေ၊ အသားအရောင်မတူ၊ နိုင်ငံခြား၊ လူမျိုးကွဲတာတွေ စတဲ့ လူလုပ် (man-made) အစွဲတွေကို ချွတ်နိုင်ခဲ့ပြီး လူတွေရဲ့ အတွင်းစိတ်သဏ္ဌာန်မှာ ရှိနေမြဲဖြစ်တဲ့ လူလူချင်း မေတ္တာထားနိုင်တဲ့ ဖြူစင်တဲ့ နှလုံးသားကို ဆွဲဖွင့်ပေးနိုင်ခဲ့တယ်။

ကစားသမားလေး အမြန်ကျန်းမာလာပါစေ ဆုတောင်းပေးရင်းနဲ့ လူအချင်းချင်းလည်း ပိုမို မေတ္တာ ထားနိုင်ကြပါစေ။

ငြိမ်းချမ်းအေး

၂၃၊ မတ်လ၊ ၂၀၁၂

(ဧရာဝတီ မီဒီယာ ဘလော့ စာမျက်နှာတွင် မူရင်း ဖော်ပြခဲ့သည်။)

To Read @ Irrawaddy Blog: http://blog.irrawaddy.org/2012/03/blog-post_5768.html

Follow My Works @

Blog: https://nyeinchanaye81.wordpress.com/

Facebook: https://www.facebook.com/nyeinchanaye81

Twitter: https://twitter.com/nyeinchan81

Google+: https://plus.google.com/u/0/102020666069750584116/posts

YouTube: http://www.youtube.com/user/nyeinchanaye81

Advertisements
This entry was posted in Essay ရသစာတမ်းငယ် and tagged , , , , , , , , , , , , , , , , , , , , , , , , , . Bookmark the permalink.

One Response to ဘောလုံးကွင်းထဲက နှလုံးသားများ | ငြိမ်းချမ်းအေး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s