အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ အိတ်ဖွင့်ပေးစာ | ငြိမ်းချမ်းအေး

Heading

မှ/
ငြိမ်းချမ်းအေး
(သာမန် ဗမာနိုင်ငံသား တဦး)
ခေတ္တ – ဘရစ္စဘိန်းမြို့၊ ကွင်းစလန်းပြည်နယ်၊
သြစတြေးလျနိုင်ငံ။

ရက်စွဲ – ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်။

သို့/
ဒေါ်အောင်ဆန်းစုကြည်
အထွေထွေအတွင်းရေးမှုး၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊
အမှတ် (၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

အကြောင်းအရာ။ ။ ဗမာနိုင်ငံသားတဦးအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ တင်ပြချက်၊ အိတ်ဖွင့်ပေးစာ။

ချစ်ခင်လေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခင်ဗျား..။

ကျွန်တော် ယခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တင်ပြချင်တဲ့ အကြောင်းအရာတွေက ယခင်ကတည်းက တင်ပြချင်နေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ် ခင်ဗျား။ လတ်တလော ရေးဖြစ်ရတဲ့ အကြောင်းကတော့ ခုလေးတင် ကချင်ပြည်နယ်မှာ နေတဲ့ သူငယ်ချင်း (အွန်လိုင်း သူငယ်ချင်းမဟုတ်ပါ) ဆီက စာရလို့ ဖြစ်ပါတယ်။ စာထဲမှာ လက်ရှိ ပြည်တွင်းစစ်ရဲ့ လူတွေ အပေါ်ထိခိုက်မှုကို အဓိက စိတ်ခံစားမှု အသားပေးပြီး ရေးထားတယ်။ စာဖတ်ပြီးတော့ စစ်ပွဲကြားမှာ နေရတဲ့ သူတို့ရဲ့ ဘဝကို ပိုပြီး စာနာ နားလည်းလာမိတယ်။ စစ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ တခုတည်း ဖျက်ဆီးနိုင်တာ မဟုတ်ဘူး။ စစ်ကြောင့်ရတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖျက်ဆီးခံရမှု၊ စိတ်ဒဏ်ရာ အနာတရ (Psychological Trauma) က ပိုဆိုးတယ်လို့ ထင်မိတယ်။ ရုပ်ဝတ္ထု ပစ္စည်း ဖျက်ဆီးခံရတာက ပြန်တည်ဆောက်ရင် ခဏပဲ ကြာတာ၊ စိတ်ဒဏ်ရာက ရေရှည်ကုစားရတာ၊ ကလေးတွေဆိုရင် ပျောက်ဖို့တောင်မလွယ်ဘူးလို့ ယူဆမိတယ်။ ရာစုနှစ်တွေချီပြီ စစ်ပွဲကြားမှာနေခဲ့ရတဲ့၊ ခုချိန်ထိလည်းနေ နေ ရတဲ့ လူတွေ (ကလေး/လူကြီး) ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို စိတ်ကူးနဲ့တောင် တွေးမကြည့်ရဲပါဘူး ခင်ဗျား။
သူငယ်ချင်းက ပြောတယ်။ မနေ့တနေ့ကပဲ အစိုးရ တပ် သူတို့မြို့က နတ်စင်မှာ နတ်ပြပြီး KIA ကို အပြတ်တွယ်မယ်ဆိုကာ တက်သွားလေရဲ့ တဲ့..။ ကချင်ပြည်နယ်က လူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မျှော်နေကြသတဲ့..။

ခုချိန်မှာ လေကိုသာ ရေလိုသုံးပြီး တပြည်လုံး (တကမ္ဘာလုံးလို့ လည်း ပြောလို့ရတယ်) မှာ လုပ်သမျှ တင့်တယ်နေတဲ့ ကြတ်ပြေးက စစ်တပိုင်း အစိုးရကိုတော့ ဘာမှ အပြစ်မပြောလိုဘူး။ အစကတည်းက စေတနာမှန်လိမ့်မယ်လို့လည်း မယူဆခဲ့ဘူး။ တခါတလေ ပျဉ်ဖိုးနားမလည်ဘဲနဲ့ (ကန်တော့ ပါရဲ့) အရူးချီးပန်းပြောတဲ့ စကားတွေကို ဒီတခါတော့ အဟုတ်ပြောတာနေမှာပဲလို့ ဟုတ်လိမ့်နိုးနိုးစိတ်နဲ့ ယုံမိတာတော့ရှိတယ်။ ဒါလည်း ပြောတိုင်းမဟုတ်ခဲ့ရင် ဒီလူတွ အမြဲတမ်း အပြောတမျိုး၊ အလုပ်တမျိုးနဲ့ဟာ၊ မင်းကသွားယုံတာ မင်းအပြစ်ပဲ ဆိုပြီး ကိုယ့် ကိုယ် ကိုယ်ပဲ အပြစ်တင်ပြီး ဖြေသိမ့်လိုက်တယ်။ နောက်ဆုံး နားကြားပြင်း မတရား ကတ်လာရင် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ အပြစ်တင်ဝေဖန်၊ ဒါမှမဟုတ်.. ယုတ်စွအဆုံး (နားနဲ့မနာဖဝါး နဲ့နာပါ ခင်ဗျား) ဆဲရေးတိုင်းထွာပြီး ကိုယ့်ဒေါသကို ဖြေလိုက်တယ်။ ဖြေလို့ရတယ်။ ဒီ့ထက်မပိုဘူး။ ကျွန်တော် ပြောချင်တာက သူတို့ကို အစကတည်းက ချစ်ခင်လေးစားယုံကြည်မှု မရှိတော့ စိတ်ထဲမှာ ဘာမှ မခံစားရဘူး၊ ခံစားချက် မရှိဘူး၊ ဥပက္ခာပြု နိုင်တယ်။ အင်္ဂလိပ်လိုဆိုရင် “To me, they are hopeless already.” ပေါ့ ခင်ဗျား။

ဒါပေမယ့်… (ဒီ..’ဒါပေမယ့်’ က တော်တော်အရေးကြီးတဲ့ ‘ဒါပေမယ့်’ ပါ ခင်ဗျား)

ကိုယ်အစကတည်းက ချစ်တဲ့၊ လေးစားတဲ့၊ ယုံကြည်တဲ့၊ အမျှော်လင့်ကြီး မျှော်လင့်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုတော့ အဲ့ဒီလို ဥပက္ခာ မပြုနိုင်ဘူး။ လုပ်ချင်ရာ လုပ်ဟေ့.. ဆိုပြီး ပေယျာလကန် မထားနိုင်ဘူး။ ခံစားမှုမရှိနိုင်၊ ဥပက္ခာပြုနိုင်တဲ့ အခြေအနေ ဖြစ်သွားမှာကို မကြည့်ရက်၊ မမြင်ရက်၊ မကြားရက်လို့ ဒီ အိတ်ဖွင့်ပေးစာ ရေးရခြင်း ဖြစ်ပါတယ် ခင်ဗျား။ ချစ်နေတုန်းပဲ အမုန်းစကား ဆိုချင်ပါတယ်၊ ဆိုပါရစေ…ခင်ဗျား။

“ရွှေဂုံတိုင် ကြေညာစာတမ်း၊ ဒုတိယ ပင်လုံ၊ ကိုယ်စွမ်၊ ဉာဏ်စွမ်းရှိသလောက် တိုင်းရင်းသား ဒေသတွေမှာ ငြိမ်းချမ်းရေးရအောင် ကြိုးစားပါ့မယ် ဆိုတဲ့ ကတိ” စတဲ့.. စတဲ့.. ပြည်သူလူထုကို ကတိပေးခဲ့တဲ့ စကားတွေကိုတော့ ချစ်ခင်လေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ မမေ့စေချင်ဘူး ခင်ဗျာ့။ ဖြစ်အောင်လုပ်နေတယ် (ဒါမှမဟုတ်) လုပ်မယ်လို့လည်း အခု အချိန်အထိ ယုံကြည်နေပါတယ် ခင်ဗျား။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စွန့်ပြီး ခု ပါတီ မှတ်ပုံပြန်တင်တာ၊ ရွေးကောက်ပွဲ ဝင်တာကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်စရာ မရှိပါ။ ကျွန်တော့် အမြင်အရ ဒီဆုံဖြတ်ချက်က စံနှုန်းတွေနဲ့ ကြည့်ရင် လက်ခံချင်စရာ မရှိပေမယ့် ပကတိအခြေအနေအရ အလုပ်သင့်ဆုံး လမ်းဆိုတာ လက်ခံပါတယ်။ ‘Pragmatic thinking’ က လက်တွေ့ဘဝမှာ ‘Normative thinking’ ထက်ပိုပြီး ထိရောက်တယ်၊ အမှန်တရားတော့ ဟုတ်ချင်မှ၊ ဟုတ်မယ်၊ ဒါပေမယ့် လက်တွေ့ အလုပ်ဖြစ်တယ်၊ ဆိုတာကို ရင်နာနာနဲ့ လက်ခံထားတဲ့ ကျွန်တော့် အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခုသွားမယ်ဆိုပြီး ရွေးလိုက်တဲ့လမ်းကို ထောက်ခံပါတယ်။ တိုင်းပြည်အတွက် အကျိုးပိုများလာစေမယ်လို့လည်း ယုံကြည် မျှော်လင့်မိပါတယ် ခင်ဗျား။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော်နိုင်ခဲ့လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က တရားဝင် တောင်းပန်ခဲ့တာကိုလည်း ကျွန်တော် တဦးတည်း သဘောထားအနေနဲ့၊ ၉၀ ရွေးကောက်ပွဲမှာ အသက်မပြည့်လို့ မဲမပေးခဲ့ရတဲ့ သူတယောက်အနေနဲ့၊ နှစ်(၂၀) ကျော် စစ်အစိုးရရဲ့ ပြင်းထန်တဲ့ ဖိနှိပ်မှု၊ ပရိယာယ်ေ၀၀ုစ်၊ ဉာဏ်များမှုဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ အခြေအနေကို စာနာနားလည်ပေးနိုင်တဲ့ သူတယောက်နေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တောင်းပန်တာကို လက်ခံပါတယ်၊ ကျေနပ်ပါတယ်။ အပြစ်တင်စရာ မရှိပါ ခင်ဗျား။ (တခြား တကယ် မဲပေးခဲ့တဲ့ မဲဆန္ဒရှင်တွေရဲ့ သဘောထားတော့ မသိပါ။)
နောက်တခု တင်ပြချင်တဲ့ အကြောင်းအရာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန် ကြေညာချက်တွေ နဲ့ လုပ်နည်းလုပ်ဟန်တွေပါ။ ကျွန်တော့် အမြင်အရ ထုတ်ပြန်ကြေညာချက်ထုတ်ရုံ သက်သက်နဲ့တော့ ခေါင်းမာတဲ့၊ သူတို့သွားချင်တဲ့လမ်းကို အများစုရဲ့ ဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ သူတို့ရဲ့ အကျိုးစီးပွား၊လုံခြုံမှုကို ဦးစားပေးပြီး စနစ်တကျ ပုံဖော်ဆောင်ရွက်နေတဲ့၊ အင်အားကြီးမာနေပြီဖြစ်တဲ့ စစ်တပိုင်းအစိုးရရဲ့ ပကတိ သဘောထားကို ပြောင်လဲနိုင်လိမ့်လို့ မယူဆမိပါ ခင်ဗျား။

ထုတ်ပြန်ကြေညာချက်တွေရဲ့ နောက်မှာ သင့်တော်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ရမယ်လို့ ထင်မြင်မိပါတယ်။ ဥပမာ- နိုင်ငံရေး အကျဉ်းသားတွေ ခြွင်းချက်မရှိ အကုန် လွှတ်ပေးရမယ်လို့ ကြေညာချက်ထုတ်ပြန်ပြီး အချိန်ကာလတခုအတွင်းမှာ အစိုးရဘက်က အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု မရှိရင် ပိုပြီးထိရောက်တဲ့၊ ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှု (follow-up action) အနောက်က လိုက်ဖို့ လိုတယ်လို့ ထင်မြင်မိပါတယ် ခင်ဗျား။ လက်မှတ်ရေးထိုးတောင်းဆိုမှု နောက်က လိုက်ခဲ့ပေမယ့် အလုပ်မဖြစ်တာ လက်ရှိ ထောင်ထဲမှာရှိနေဆဲ ပုဂ္ဂိုလ်တွေက သက်သေပါ။ ပိုမိုထိရောက်တဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခြေခံ အကြမ်းမဖက်ရေး လမ်းစဉ်ကို မထိခိုက်တဲ့၊ လှုပ်ရှားမှုတွေ လုပ်နိုင်ပါသေးတယ် ခင်ဗျား။ ဥပမာ – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ လူထုအစည်းအဝေးတွေ ခေါ်၊ လူထုဆန္ဒဖော်ထုတ်ပွဲတွေ လုပ်ပြီး ပြည်တွင်းစစ်ရပ်စဲရေး၊ နိုင်ငံရေး အကျဉ်းသားလွတ်ပေးရေး စတဲ့ တိုင်းပြည်မှာ အရေးယူ ဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်နေတဲ့ ပြဿနာတွေကို အလျင်အမြန် ဖြေရှင်းပေးဖို့ အစိုးရကို တောင်းဆိုနိုင်ပါသေးတယ်လို့ ထင်မြင်မိပါတယ် ခင်ဗျား။
ကျွန်တော့် အမြင်ကို အားနာ ဝမ်းနည်းစွာနဲ့ ပွင့်ပွင့်လင်းလင်း တင်ပြရရင် လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ကြေညာချက်တွေ၊ ကုလသမဂ္ဂရဲ့ ဗမာနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ အရေးယူဆုံးဖြတ်ချက်တွေ (resolution statements) တွေ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး အပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေရဲ့ ထိရောက်တဲ့ အလုပ်မပါဘဲ ဗမာပြည်အတွက် စိုးရိမ်မိပါတယ် ဆိုတဲ့ နားဝင်ချိုတဲ့ စကား သက်သက်တွေဟာ ယခင်စစ်အစိုးရအပေါ် လက်ဆုပ်လက်ကိုင်ပြလို့ရနိုင်အောင် ထိရောက်မှုမရှိခဲ့ပါ ခင်ဗျား။

ယခင် စစ်အစိုးရရဲ့ အထိုက်အသင့် ပြုပြင်ပြောင်းလဲခဲ့မှုတွေ (ဥပမာ – (၁၅) နှစ်နီးပါး အချိန်ဆွဲလာတဲ့ အခြေခံ ဥပဒေကို အဆုံးသတ် ရေးဆွဲခြင်း၊ ရွေးကောက်ပွဲကျင်းပ ပေးခြင်း၊ နအဖ အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် မှ အရပ်သားအစိုးရသစ် သမ္မတဦးသိန်းစိန်ထံသို့ တိုင်းပြည် အာဏာ လွှဲပြောင်းခြင်း၊ လွတ်တော်ခေါ်ယူပေးခြင်း စတာတွေ..)၊ ယခင်စစ်အစိုးရ လက်ထက်တုန်းက သေနတ် ခါးကြားထိုးပြီး “ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်”၊ “တပ်မတော်သာအမိ၊ တပ်မတော်သာအဖ” စတဲ့ စကားတွေကို ပြောပြီး ပြည်သူကို အမိန့် ပေးပုံစံနဲ့ ဖိနှိပ်အုပ်ချုပ်ခဲ့ပြီး ယခု အစိုးရသစ်မှာလည်း ပါလာတဲ့ အငြိမ်းစား ဗိုလ်ချုပ်ဟောင်းကြီးတွေ အရင်တုန်းက လေသံတောင်မကြားရဲဘဲ ခုမှ လျှာ တယားယား နဲ့ တွင်တွင် ပြောနေတဲ့ “လူ့အခွင့်အရးတွေ၊ ဒီမိုကရေစီတွေ၊ ပြည်သူလူထု ဆန္ဒကို လေးစားရမယ်၊ အမိန့်ပေးအုပ်ချုပ်လို့မရဘူး” စတဲ့ စကားအလှတွေပြောင်းပြောပြီး အနှစ်မပါတဲ့ “စစ်မိုကရေစီ (Militarized Democracy)” တရား ရေလဲ ဟောနေတာတွေ၊ စတဲ့ ပြောင်လဲမှုလို့ အကောင်းမြင် ခေါ်ချင်ရင်ခေါ်လို့ရတဲ့ အပေါ်ယံ ပြောင်လဲမှုတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အတိုက်အခံ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ (၈၈ မျိုးဆက်ကျောင်းသားများ အပါ) ရဲ့ နှစ် (၂၀) ကျော် မဆုတ်မနစ် ပေးဆပ်မှု၊ နိုင်ငံတကာဖိအား စတဲ့ အကြောင်းတွေကြောင့်လို့ ပြောရင် လက်ခံပေမယ့် (ကျွန်တော့် အမြင်အရ) ပြည်သူလူထုအင်အား (People Power) ကို ကြောက်လို့ ဆိုတဲ့ အကြောင်းက အဓိကကျတယ်လို ထင်မြင်မိပါတယ် ခင်ဗျား။

ကြတ်ပြေးကို ပြောင်းပြီး အစိုးရရုံးဆိုက်ရခြင်း ကိုက ယတြာကြောင့် ဆိုတာထက် လူထုအုံကြွမှုဖြစ်ရင် အစိုးရ ယန္တယားမပျက်အောင် ကြိုတင်ကာကွယ်သွားတာပါလို့ ယူဆပါတယ် ခင်ဗျား။ အတိုချုပ်ပြောရရင် ယခုပြောင်းလဲတိုးတက်မှုတွေဟာ လက်ငင်းအကြောင်း (Immediate Cause) ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ရဲ့ အကျိုးဆက် နဲ့ ယခင်စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အာဏာရှင်တွေ ကမ္ဘာ့သမိုင်းအဆက်ဆက်ဆိုးရွားခဲ့တဲ့ ဘဝနိဂုံး သမိုင်းသင်ခန်းစာကို လိမ္မာပါးနပ်စွာသင်ယူပြီး ကျွမ်းကျင်စွာ (သူ့အကျိုးအတွက်/ပြည်သူ့အကျိုးမပါ) လုပ်ဆောင်ခဲ့တဲ့ တိုးတက်မှုလို့ သုံးသပ်ပါတယ် ခင်ဗျား။

နောက်တခု ထပ်မံတင်ပြချင်တာက စိတ်ရှည်သည်းခံမှုပါ။ တချို့ ပုဂ္ဂိုလ်တွေပြောသလို လက်ရှိအစိုးရဲ့ တိုးတက်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပြီး ခဏလေး စိတ်ရှည်သည်းခံစောင့်ကြည့်ပေးဖို့ ပြောတဲ့ အယူအဆပါ။ (ဒီအယူအဆဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ သဘောထားလို့ မဆိုလိုပါ၊ အကြောင်းအရာ ဆက်စပ်နေလို့ တင်ပြရခြင်း ဖြစ်ပါတယ်။) ကျွန်တော်အနေနဲ့ လက်ရှိအစိုးရရဲ့ ယခင်နဲ့ မတူတဲ့ လုပ်ရပ်တချို့၊ အပြောင်းအလဲတချို့ကို အသိအမှတ်ပြုပါတယ်။ ရှေ့မှာလည်း ဆက်လက်ပြုပြင်ပြောင်းလဲ သွားလိမ့်မယ် ဆိုပြီး ယုံကြည်စိတ်ချတဲ့စိတ်၊ အကောင်မြင်တဲ့စိတ်နဲ့ နေနိုင်ပါတယ်။ ခက်ထန်ကြမ်းတမ်းမှုတွေရဲ့ အဝေးမှာရှိနေတဲ့ ကျွန်တော် လို လူအနေနဲ့ အစိုးရရဲ့ တဆင့်ခြင်း ပြောင်းလဲနေပါတယ် ဆိုတဲ့ ဖြစ်စဉ်ကို စိတ်ရှည်သည်းခံစောင့်ကြည့်ပေးဖို့ ကိစ္စက မခက်ခဲပါဘူး။ ဒါပေမယ့် ကျွန်တော့် သူငယ်ချင်းလို စစ်ပွဲကြားမှာနေ နေရတဲ့၊ စစ်ရဲ့ အနိဋ္ဌာရုံ တွေကို နေ့စဉ် မြင်တွေ့ပြီး လက်တွေ့ ခံစားနေရတဲ့ လူတွေ၊ ထောင်ထဲမှာ အပြစ်မရှိဘဲ နှစ်ရှည်လများ သွားနေရပြီး ဒုက္ခ၊သုက္ခ မျိုးစုံ ခံစားနေရတဲ့ လူတွေ (သူတို့ရဲ့ မိသားစုတွေ အပါအဝင်)၊ လူမှုဒုက္ခမျိုးစုံခံစားနေရတဲ့ အခြေခံ ပြည်သူလူထုတွေ စတဲ့ ခက်ထန်ကြမ်းတမ်းလွန်းတဲ့ ဘဝကို နေ့စဉ်နဲ့အမျှရင်ဆိုင် နေရတဲ့လူတွေကတော့ ကျွန်တော့်လို စိတ်ရှည်သည်းခံစောင့်ကြည့်ပေးဖို့ အများကြီးခက်ခဲမယ်လို့ ထင်မိပါတယ် ခင်ဗျား။

စိတ်ရှည်သည်းခံမှုနဲ့ အတူတွဲလျက် တင်ပြချင်တာကတော့ “အပြောင်းအလဲ” ရဲ့ တကယ့် အဓိပ္ပာယ် ပါ။ ကျွန်တော်အပါအဝင် ဘယ်သူမှ မငြင်းနိုင်တာက လက်ရှိဗမာပြည်မှာ အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်နေတယ် ဆိုတာပါပဲ။ ဒါပေမယ့် ကျွန်တော် လိုချင်တဲ့ (ဒါမှမဟုတ် ကျွန်တော် ဆိုလိုချင်တဲ့) အပြောင်းအလဲက အငြိမ်းစား စစ်ဗိုလ်ချုပ်ဟောင်းကြီးများရဲ့ အတွင်း သဘောထား ပြောင်းလဲခြင်းပါ။ ဒီနေ့ တိုးတက်တဲ့ ခြေလှမ်းအနေနဲ့ ကိုမင်းကိုနိုင်ကို လွှတ်ပေးမယ်၊ မနက်ဖြန် ကိုမင်းကိုနိုင်က အစိုးရရဲ့ မူဝါဒတခုခုကို ဝေဖန်မယ်၊ သဘက်ခါ ကိုမင်းကိုနိုင်ကို ပြန်ဖမ်းပြီး ထောင်ထဲ နှစ် (၂၀) လောက်ထည့်ထားမယ်။ အဲ့ဒီလိုဆိုရင် စစ်မှန်တဲ့ တကယ့် အပြောင်းအလဲလို့ ပြောလို့မရပါ။ သူတို့ဟာ အပြောင်းအလဲကို ဦးတည်နေပြီလို့တောင် ပြောမရပါ။ “We are beginning to see the beginning of change” လို့လည်း (ကျွန်တော်တဦးတည်း အမြင်အရ) မယူဆနိုင်ပါ ခင်ဗျား။

“အပြောင်းအလဲ” ရဲ့ တကယ့် အဓိပ္ပာယ် အစစ်အမှန်က လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်း၊ တန်းတူအခွင့်အရေး တွေပေါ်မှာ အခြေခံတဲ့၊ လူအများစုရဲ့ သဘောထားဆန္ဒကို အဓိကထား ဦးစားပေး ဆုံးဖြတ်တဲ့ စနစ်ဖြစ်ပေမယ့် လူနည်းစုရဲ့ အမြင်သဘောထား၊ ရပိုင်ခွင့်တွေကို လေးစားအသိအမှတ် ပြုတဲ့၊ စည်းကမ်းပြည့်ဝသော အပါအဝင် မည်သည့် နာမဝိသေသန မှမပါရှိတဲ့ ဒီမိုကရေစီရဲ့ ပြည့်ဝတဲ့အနှစ်သာရ (Virtues of Democracy) အပေါ် စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေရဲ့ သဘောထားလက်ခံမှုနဲ့ လက်ခံပြီးနောက် တကယ် ယုံကြည်ကျင့်ကြံအားထုတ်သွားမယ်ဆိုတဲ့ ခိုင်မာထက်သန်တဲ့စိတ်၊ ဒီမိုကရေစီ အမြစ်တွယ် ရှင်သန်ခိုင်မာမှ၊ တနည်းအားဖြင့် “Democratic Consolidation” ရှိမှ ဒို့ တိုင်းပြည် ကြီးပွာတိုးတက်ပြီး၊ နိုင်ငံတကာမှာ အောက်တန်း နောက်တန်းရောက်နေတဲ့ ဘဝက လွတ်၊ လူရာဝင်လာမယ်လို့ မုချ ယုံကြည်တဲ့စိတ် စတဲ့ အခြေခံ ပကတိစိတ် အပြောင်းအလဲ (Mindset Change) ဖြစ်မှသာ စစ်မှန်တဲ့ ပြောင်းလဲမှုလို့ ယူဆနိုင်မှာပါ ခင်ဗျား။

နောက်ဆုံး တခု တင်ပြချင်တာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်းတွေအပေါ် ကျွန်တော့်ရဲ့ သဘောထားပါ ခင်ဗျား။ ဗမာပြည်လို ဆင်းရဲမွဲတေမှုက ရောဂါတခုသဖွယ် အမြစ်တွယ်နေတဲ့ တိုင်းပြည်မှာ လူမှုရေးလုပ်ငန်းလုပ်တာဟာ ဝမ်းသာအားရ ကြိုဆိုထောက်ခံရမယ့် ကိစ္စဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀) နီးပါး အခက်အခဲ အမျိုးမျိုးကြားက စဉ်ဆက်မပြတ် လူမှုရေးလုပ်ငန်းတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါဝင်မှုကို ချီးမွမ်းဝမ်းမြောက် သာဓုအကြီမ်ကြီမ်ခေါ်မိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးအကြီမ် နေအိမ် အကျယ်ချုပ်က လွတ်လာပြီး နောက်ပိုင်း လူမှုရေး ကွန်ရက်၊ ပညာရေးကွန်ရက်တွေ ဖွဲ့စည်းပြီး ပညာရေး၊ လူမှုရေး လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့တာဟာ မှတ်တမ်းတင်လောက်တဲ့ အောင်မြင်မှုတခုပါ ခင်ဗျား။ ခုလည်း တိုင်းရင်းသားများ ပညာရေးရံပုံငွေ အတွက် အနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဂီတပွဲတွေလုပ်မယ်ဆိုတာ သိရတော့ ဝမ်းသာကြည်နူးရပါတယ်။ ဒီလိုလုပ်ငန်းတွေရဲ့ အတွင်းသား (အနှစ်) ရည်မှန်းချက်လို့ ကျွန်တော်ယူဆတဲ့ ဒီမိုကရေစီ အဆောက်အအုံမှာ မရှိမဖြစ်လိုအပ်တဲ့ လူထုအခြေပြု လူမှုရေး အဖွဲ့အစည်းတွေ (Community Based Organizations) ဖွဲ့စည်းနိုင်မှု၊ အဲ့ဒီလို အဖွဲ့အစည်းတွေမှာ ပြည်သူလူထုပိုမို ပါဝင်လာစေရန် လေ့ကျင့်ပေးမှု စတဲ့ ဒီမိုကရေစီ လူမှုပတ်ဝန်းကျင်နဲ့ ထိုက်တန်တဲ့ အလေ့အကျင့်တွေကို ပြည်သူလူထု ကျင့်နိုင်အောင် အများသိပြီးဖြစ်တဲ့ အနုပညာရှင်တွေ (Celebrities) ရဲ့ အကူအညီယူပြီး ဆောင်ရွက်နေတဲ့၊ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို အပြည့်အဝ ထောက်ခံပါတယ် ခင်ဗျား။

ဒါပေမယ့် လူမှုရေးလုပ်ငန်းတွေကို ဇောင်းပေးလုပ်နေရုံနဲ့ ဗမာပြည်ရဲ့ ပင်မ ပြဿနာ ဟာ ပျောက်မသွား၊ လျော့ မသွားနိုင်ပါဘူး ခင်ဗျား။ ဆင်းရဲသားတွေကို အတိုးမဲ့ ငွေချေးပေးတာ ကောင်းပါတယ်။ ဒါပေမယ့် ဆင်းရဲသားတွေအပါအဝင် လူတန်းစားအားလုံး အခွင့်အရေးတန်းတူ ပေးတဲ့ လွတ်လပ်မျှတတဲ့ စီးပွားရေးစနစ်တခုကို အာမခံချက် ပေးတဲ့ နိုင်ငံရေးစနစ် တခုကို အမြန်ဆုံး ထူထောင်ပေးနိုင်ခြင်းက တိုင်းပြည်အတွက် ရေရှည်ပိုကောင်းမှာ ဖြစ်ပါတယ်။ မိချောင်းမင်း ရေခင်းပြသလို ဖြစ်ရင် ခွင့်လွှတ်စေချင်ပါတယ်။ ရောဂါဝေဒနာသည်တဦး ရောဂါကြောင့် နာကျင် ခံစားနေရတာကို အနာပျောက်ဆေး (Pain Killer) သက်သက်ပေးလို့ ခဏတာပဲ နာကျင်မှုသက်သာစေမှာပါ။ အနာပျောက်ဆေးနဲ့အတူ ပင်မရောဂါကို ကုစားနိုင်တဲ့ ဆေးပါ တွဲပေးမှ ဝေဒနာသည် အမြန်ဆုံးသက်သာမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်ရရင် ဆင်းရဲခြင်း၊ စာမတတ်ခြင်၊ အကျင့်ပျက်ခြင်း စတဲ့ ဗမာပြည်မှာ ဖြစ်နေတဲ့ ရောဂါရဲ့ အဆွယ်အပွား တွေကို ကုပါ။ ပိုပြီး အဓိကကျတဲ့ ပင်မရေသောက်မြစ် ရောဂါဖြစ်တဲ့ နိုင်ငံရေးပြဿနာ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ယခုထက်ပိုမို အလေးထား ဦးဆောင်တိုက်ပွဲဝင်ပြီး အမြန်ဆုံး ဖြေရှင်းပေးစေလိုပါတယ် ခင်ဗျား။ အထူးသဖြင့် တိုင်းရင်းသားကိစ္စ၊ နိုင်ငံရေး အကျဉ်းသား ကိစ္စတွေကို ဒီထက်ပိုပြီ ရှေ့ဆောင်ဦးရွက်ပြု တိုက်ပွဲဝင်စေချင်ပါတယ် ခင်ဗျား။

ဒေါ်အောင်ဆန်းစုကြည်လို (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လို) မျက်စိကြီး၊ နားကြီး၊ ဉာဏ် ပညာ အမြော်အမြင်ကြီး၊ အကျင့်သီလ ပြီးပြည့်စုံတဲ့ လူပုဂ္ဂိုလ် တယောက် (အဖွဲ့အစည်းတရပ်) အနေနဲ့ ကျွန်တော် အထက်မှာ တင်ပြခဲ့တဲ့ လက်ရှိဖြစ်ပျက်နေတဲ့ ပကတိခြေအနေတွေ၊ အကြောင်းအရာတွေ၊ သာမန်ပြည်သူလူထုရဲ့ စိတ်ခံစားမှုတွေကို ကျွန်တော့်ထက် ပိုမိုသိရှိပြီး မှန်မှန်ကန်ကန် ဝေဖန်ပိုင်းခြားသုံးသပ်ပြီး အသင့်လျော်ဆုံး လုပ်ငန်းစဉ်တွေချမှတ်၊ ရှေ့ဆက်လုပ်ဆိုင်နိုင်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ် ခင်ဗျား။

ယခု အိတ်ဖွင့်ပေးစာကိုလည်း ဝေဖန်စာလို့ မယူဆစေလိုပါ ခင်ဗျား။ ဆရာကြီး လေသံ ပါသွားခဲ့ရင်လည်း မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တာလို့ သဘောထားစေလိုပါတယ်။ ကျွန်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝေဖန်ပြစ်တင်ပြီး နာမည်ကြီးချင်တဲ့ နိုင်ငံရေး သမားလည်းမဟုတ်ပါ ခင်ဗျား။ ရေခြားမြေခြားမှာ ဘဝရပ်တည်ရေးအတွက် ကြိုးစားရုန်းကန်နေတဲ့ သာမန် လူငယ်တယောက်ရဲ့ ခံစားချက်ကို တင်ပြတာသာ ဖြစ်ပါတယ် ခင်ဗျား။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဘဘ ဦးအောင်ရွှေ၊ ဒုဥက္ကဌ ဘဘ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှုး အမေ ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ်အမှုဆောင် ဘဘ ဦးဝင်းတင် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် လူကြီး၊လူငယ် အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ တိုင်းပြည်တာဝန်တွေကို ဆထက်တပိုး ထမ်းဆောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျား။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးဟောင်း ဘဘ ဦးလွင် မနေ့ညက ကွယ်လွန်အနိစ္စ ရောက်သွားကြောင်း သိရလို့ မိသားစုနဲ့ ထပ်တူ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ထပ်တူ ဝမ်းနည်းကြေကွဲ ရပါကြောင်း တပါတည်း ပြောလိုပါတယ် ခင်ဗျား။

အစဉ်အမြဲ လေးစား ချစ်ခင်လျက်

ငြိမ်းချမ်းအေး
၀၇ ၊ ဒီဇင်ဘာ ၊ ၂၀၁၁

To Read @ MoeMaKa Media:
http://moemaka.com/archives/20059

Advertisements
This entry was posted in Letter ပေးစာ and tagged , , , , , , , , , , , , , , , , , , , , , . Bookmark the permalink.

2 Responses to အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ အိတ်ဖွင့်ပေးစာ | ငြိမ်းချမ်းအေး

  1. Zaw Aung says:

    ဒေါ်အောင်ဆန်းစုကြည်လို (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လို) မျက်စိကြီး၊ နားကြီး၊ ဉာဏ် ပညာ အမြော်အမြင်ကြီး၊ အကျင့်သီလ ပြီးပြည့်စုံတဲ့ လူပုဂ္ဂိုလ် တယောက် (အဖွဲ့အစည်းတရပ်) အနေနဲ့ ..
    .
    ထပ်ဖြည့်ချင်ပါတယ်… နှလုံးသားကြီးမားလှတဲ့ အသက်ရွယ်ကြီးတဲ့အမျိုးသမီးကြီးတစ်ယောက် …သူတတ်နိုင်တဲ့ ဘောင်အတွင်းကလှုပ်ရှားနေပုံပါပဲ… ။ ကွယ်လွန်သွားတဲ့ …နယ်ဆင်မင်ဒဲလား နေရာနဲ့ ထိုက်တန်တဲ့ .. ကမ္ဘာ့ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်မဲ့ မြန်မာတစ်ဦးပါ… တစ်ခါတလေ .. ဘာကြောင့် သူမ ဒီစစ်အာဏာရှင်ကြီးများကြားမှာ ရောက်နေရသလဲ … စဉ်စားမိတိုင်း… ဘုရားသခင်နဲ့ပဲအဆုံးသပ်လိုက်ပါတယ်။ ကမ္ဘာ့အဆင့် ငြိမ်းချမ်းရေးမတက်လှမ်းခင် မြန်မာပြည်အတွက်ပဲ အရင်လုပ်ကြဖို့ ဝိုင်းဝန်းထောက်ခံနေကြပါတယ်..။

    .ကျွန်တော်ကတော့ သူ့အတွက်နေ့တိုင်းဆုတောင်းပေးနေလျှက်ပါ..။…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s